Tuesday, June 19, 2012

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ‘ပန်းရဲ့လမ်း’


အောင်ဝင်း
ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်အတွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအား ကူညီထောက်ပံ့ရန် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ လူမှုကွန်ယက်က ပရိသတ်အား ဂီတဖြင့် တိုက်ရိုက် ထိတွေ့ ဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေသည့် အစီအစဉ် ကို ရန်ကုန်မြို့တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြုလုပ်နေသည်။

“ကျနော်တို့အဖွဲ့က ပြီးခဲ့တဲ့လကစပြီး စစ်ဘေးဒဏ်ခံ ကချင်ဒုက္ခသည်တွေအတွက် ဂီတနဲ့ လူထုကို ဖျော်ဖြေပြီး ရံပုံငွေ ရှာဖွေပေးနေ တာပါ။ အခု ဒီနေ့က စပြီး ရခိုင်ပြည်သူတွေ အတွက် ရန်ပုံငွေ ကောက်ခံပေးတဲ့ အစီအစဉ်ကို ရန်ကုန်မြို့ မှာ စလုပ်တာပါ” ဟု အဆိုပါ ကွန်ယက်မှ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်သန်း က ဆိုသည်။

မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ ခေါင်းဆောင် ကိုရဲလွင် ဦးဆောင် သော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ဝင်များသည် ဂီတသမားများ ပါဝင်ကူညီမှုဖြင့် တနင်္ဂနွေ နေ့တွင် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်အနီးရှိ Morning Star လက်ဖက်ရည်ဆိုင်၊ မင်္ဂလာ တောင် ညွှန့် မြို့နယ်ရှိ Mercury လက်ဖက်ရည်ဆိုင်၊ ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းဝင်း နှင့် လသာမြို့နယ်ရှိ ရွှေငါးမောင်မောင်
ပင် လယ်စာ ရောင်းဝယ်ရေး ဆိုင်ရှေ့တို့တွင် ဂီတဖျော်ဖြေမှု များပြုလုပ်ခဲ့ကြသည်။

“လာမယ့် အပါတ် စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ဖိတ်ခေါ်တဲ့ နေရာတွေမှာ သွားရောက် ဖျော်ဖြေပေးဦးမှာပါ” ဟု ဦးအောင်သန်းက ပြောသည်။

တနင်္ဂနွေနေ့က ဂီတဖျော်ဖြေမှုတွင် ရခိုင်ပြည်နယ်ရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအတွက် ပရိသတ်များက ထည့်ဝင်သော အလှူငွေ စုစု ပေါင်း ၂၆ သိန်းကျော် ရရှိခဲ့သည်။

၎င်းတို့ ဖျော်ဖြေတင်ဆက်ချိန်တွင် လာရောက်ကြည့်ရှု အားပေးသော ပရိသတ်များနှင့် လမ်းသွားလမ်းလာများကလည်း အလှူငွေများ ကို အသီးသီး ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရှိရသည်။

“ကျမက လသာမြို့နယ် ၂ ရပ်ကွက် ၁၇ လမ်းမှာ ဂဏန်း ရောင်းတဲ့ ဈေးသည်ပါ။ အခုတလော ရခိုင်မှာ ဖြစ်တဲ့ ကိစ္စ တွေနဲ့ ပတ် သက်ပြီး ရန်ကုန်မှာရော ဘာများ ရုတ်ရုတ်သဲသဲ ဖြစ်မလဲလို့ စိုးရိမ်နေတဲ့ အချိန်မှာ အခုလို ဒုက္ခရောက်သူ တွေ အတွက် အလှူငွေ ကောက်ခံဖို့ ဂီတဖျော်ဖြေတာကို တွေ့လိုက်ရလို့ ဝမ်းသာပါတယ်။ အလှူငွေလည်း သုံးသောင်း ထည့်လိုက်ပါတယ်” ဟု ဈေးသည်တဦး ဖြစ်သူ မချိုက ဆိုသည်။

“ဒီနေ့ ကောက်ခံရတဲ့ အလှူငွေတွေကို လာမယ့် အင်္ဂါနေ့ ဇွန် ၁၉ ရက်နေ့မှာ ကိုကျော်စိုးနိုင် ဦးဆောင်တဲ့ လူငယ်အဖွဲ့က စစ်တွေကို ချက်ချင်းသွားလှူမှာပါ ” ဟု ကွန်ယက်အဖွဲ့ဝင် ဦးမျိုးဦး က ဆိုသည်။

“ရန်ပုံငွေရှာဖို့ ဂီတ ဖျော်ဖြေပွဲတခု လုပ်မယ်ဆိုရင် အသားတင် အလှူငွေ သိန်း ၂၀၀ လောက် ရဖို့ မလွယ်ပါဘူး။ အခု လက်ဖက် ရည်ဆိုင် တွေနဲ့ စားသောက်ဆိုင်တွေမှာ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖျော်ဖြေပြီး အလှူငွေ ကောက်ခံတာ တလကျော်အတွင်း သိန်း ၂၀၀ နီးပါး ရနေပါပြီ” ဟု အဖွဲ့ဝင် ဦးအောင်သန်း က ပြောသည်။

ဖျော်ဖြေရေအတွက် ကိုရဲလွင်နှင့် အတူ ပါဝင်ကူညီသူ အမာခံ ဂီတသမားများထဲတွင် သားထွေး၊ ကိုရဲထွဋ်၊ E ချို ၊ ညီညီလွင်၊ တိုးလွင် (ဥတ္တရအလင်း) အစရှိသော တေးရေးနှင့် တေးဆိုရှင်များ ပါဝင်ကြသည်။

“ကျနော်တို့ အမာခံ ဂီတအဖွဲ့သားတွေအပြင် တခြား အဆိုရှင်တွေလည်း အချိန်ရရင် ရသလို ကျနော်တို့ အဖွဲ့ကို လာ ပူးပေါင်း ကူညီပေး တာတွေလည်း ရှိပါတယ်” ဟု ဦးမျိုးဦးက ဆိုသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့သည် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များအတွက် လွန်ခဲ့သောမေလ ၆ ရက် နေ့မှ ဇွန်လ ၆ ရက်နေ့ အထိ ရန်ကုန်၊ မန္တလေး၊ မတ္တရာနှင့် မေမြို့တို့တွင် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေခဲ့သည်။

“ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်တွေအတွက် တလအတွင်း အလှူကောက်ခံရရှိငွေ သိန်း ၁၇၀ ကျော် ရပါတယ်။ အလှူငွေတွေကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေက တဆင့် လှူဒါန်းမှုတွေ လုပ်နေပါတယ်” ဟု ဦးမျိုးဦး က ဆိုသည်။

ပန်းရဲ့လမ်း ကွန်ယက်အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်ဘေးသင့် သူများအား ကူညီပေးရေး အတွက် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် “ပြည်သူကို ပြည်သူက ကာကွယ်စောင့်ရှောက်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် လုပ်ဆောင်လျက် ရှိသည်ဟုဆိုသည်။

ကောက်ခံရရှိသော အလှူငွေများထဲမှ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အတွက်သာ မကဘဲ လွန်ခဲ့ သော မေလ အတွင်း ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ အောင်ဆန်းပျိုးခင်း အမည်ရှိ အခမဲ့ ပညာသင်ကြားရေး မူလတန်းကျောင်း အတွက် အလှူငွေ ၆ သိန်းကျပ် မတည် လှူဒါန်းခဲ့သည်ဟု သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့