Thursday, June 21, 2012

အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား

ဖနိဒါ
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်နိုင်ရန် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်) WLB က ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ ကူကီး၊ လားဟူ၊ ပလောင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ထားဝယ် စသည့် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းများက စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ် တွင် ပြည်သူတရပ်လုံး ပါဝင်ရန် လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာအမျိုးသမီးတွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ဒဏ်ကို အများဆုံးခံရတာ ဖြစ်တယ်။ သူတို့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ အမျိုးသမီးတွေ ပါဝင်ဖို့ စဉ်းစားရမယ်။ အလေးအနက် ထားရမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲ လုပ်လို့ မရဘူးဆိုတာကို ပြောချင်ပါတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။


ပြည်တွင်းဌာနေမဲ့ ဒုက္ခသည်များ၊ စခန်းအတွင်း နေထိုင်သော ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ လက်မှတ်ပေါင်း ၁၇,ဝ၆၃ ရေးထိုးတောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အစိုးရ အပါအဝင် တပ်မတော်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု အသင်းအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပရောက် အတိုက်အခံ မဟာမိတ် အဖွဲ့အစည်းများ ထံလိပ်မူ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတင့် ပေးပို့ လိုက်ခြင်း ဖြစ်သည်။

ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသည့် နယ်စပ်ဒေသများရှိ စစ်ပြေးဒုက္ခသည်များ၊ ပြည်တွင်း ဌာနမဲ့ ဒုက္ခသည်များထံမှ လက်မှတ်များ ကောက်ခံရာတွင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်းလည်း မတင်တင်ညိုက ရှင်းပြသည်။

“ပြန်တိုက်မှ တကယ့်ငြိမ်းချမ်းရေး ရမယ်လို့ နားလည် နေတဲ့လူတွေလည်း အများကြီး ရှိနေသေးတယ်။ ဒီလိုမျိုးကြည့် ခြင်းအားဖြင့် ငြိမ်းချမ်းရေး တကယ်သယ် ဖန်တီးပေးနိုင်တာက စစ်ပွဲမဟုတ်ဘူး။ ဒီထက်ပိုပြီး ပညာပေးမှုတွေ၊ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာ လေ့လာတွေ့ရှိရတယ်” ဟု ပြောသည်။

၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဆောင်ပုဒ်မှာ “ရှင်သန်ဆဲ မျှော်လင့်ချက် ” ဟု ဖြစ်ပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်များနှင့် စခန်းအတွင်း ဒုက္ခသည်များအား မိမိနေရပ်ပြန်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန်အတွက် ပြည်လုံးကျွတ် အတိုင်းအတာ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး လိုအပ်ကြောင်း တိုက်တွန်းထားသည်။

“နည်းပေါင်းစုံနဲ့ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေအတွက် သူတို့ မျှော်လင့်ချက်တွေ ရှင်သန်နေနိုင်အောင် ကျမတို့အနေနဲ့ ဒုက္ခသည် တွေ အနေနဲ့ ကိုယ့်နေရာမှာ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် တကယ်ပဲ အလွှာပေါင်းစုံက လူထုအားလုံး တက်တက်ကြွကြွ ပါဝင်လာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခု လိုအပ်တယ်ဆိုတဲ့ဟာ ဒီနေ့မှာ ထပ်လောင်း တိုက်တွန်း နိုးဆော်ချင်တာ ဖြစ်တယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများဖြေရှင်းရာတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရုံဖြင့် ရရှိလာမည် မဟုတ်ဘဲ အလွှာပေါင်းစုံ ပြည်သူတရပ်လုံး ပါဝင်မှသာ လုံခြုံစိတ်ချနိုင်သော၊ အခြေခံ လူ့အခွင့် အရေးကို အပြည့်အဝ အာမခံပေးနိုင်သည့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု WLB ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒုက္ခသည်များ များပြားလာခြင်း၊ ရခိုင်ပြည်နယ် အကြမ်းဖျက်မှုများ ကြောင့် ဒုက္ခ သည်များ ပိုမိုရှိလာသဖြင့် စိုးရိမ်ကြောင်းနှင့် ဒုက္ခသည်များ၏ ဘဝ လုံခြုံစိတ်ချနိုင်သည့် အနေအထား တခုဖြစ်ရေးအတွက် ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ရွေးချယ်၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဒေါ်တင်တင်ညို က ပြောသည်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်း ဖွင့်ထားပေမယ့် အစားအသောက် နေရာထိုင်ခင်း လုပ်ပေးရမဲ့ အနေအထား တွေ့ရတယ်။ အစိုးရကိုယ်တိုင် ထိထိရောက်ရောက် လုပ်နေတာ မတွေ့ရဘူး။ ဒီအပေါ်မှာ ကျမတို့ အရမ်း စိုးရိမ်တယ်။ နောက်တခု စိုးရိမ် တာက ဒီပြဿနာကို တမင်သက်သက် လုပ်နေခဲ့သလား။ ဒီလိုလုပ်ခြင်းအားဖြင့် ကချင်ဘက်က ဖြစ်နေတဲ့ ပြဿနာကိုများ မှေးမှိန်အောင် လုပ်နေသလားဆိုတာ”ဟု ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်တွင်းတွင် ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆိုသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်းမှာ ၈ဝ,ဝဝဝ ခန့်ရှိကြောင်း ဒုက္ခသည် အကူအညီပေး ရေးအဖွဲ့များက ခန့်မှန်းပြောဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် လူဦးရေ သုံးသိန်းခန့် ရှိနေပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်ဦးရေ ၂ဝ,ဝဝဝ ခန့်ရှိကြောင်း ထိုင်းမြန်မာ နယ်စပ် ပူးပေါင်းဆောင်အဖွဲ့ TBBC ၏ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ စာရင်းများအရ သိရသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်တွင်လည်း ချင်းလူမျိုးဒုက္ခသည် တသိန်းခန့် ရှိနေကြောင်း မတ်လ အတွင်းက ထုတ်ဝေသည့် အစီရင် ခံစာစောင်က ဆိုသည်။ နယူးဒေလီမြို့တွင်မူ မြန်မာနိုင်ငံသားဒုက္ခသည် ၉,ဝဝဝ ကျော် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ရှိပြီး ဒုက္ခသည်ကဲ့သို့ နေထိုင်သူ ပေါင်း နှစ်သိန်း ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့