Tuesday, June 19, 2012

မသီတာထွေး သတ်ဖြတ်မှု ကျုးလွန်သူ ၂ ဦး သေဒဏ်ချမှတ်ခံရ

18 ဇွန် 2012
ကိုကျော်ကျော်သိန်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြိ့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့ အမှုအတွက် ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူနှစ်ဦးအပေါ် ကျောက်ဖြူခရိုင် တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး တရားခံတွေကို သေ ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီအမှုကို အများပြည်သူရှေ့မှောက်မှာ စစ်ဆေးကြားနာခဲ့တာဖြစ်သလို တရား ဥပဒေကြောင်းအရ လွတ်လပ် မျှတမှုရှိခဲ့တယ်လို့ ကျောက်ဖြူမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ဗွီအိုအေကို ပြောပါ တယ်။ အပြည့်အစုံကို ဘန်ကောက် ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မသီတာထွေး အသတ်ခံရတဲ့အမှုအတွက် သံသယရှိသူတွေကို ပုဒ်မ ၃၇၆၊ ၃၉၂၊ ၃၀၂/၁ (ဂ) တို့နဲ့ စွဲချက်တင်ပြီးတော့ တရားရုံးတင် စစ်ဆေးနေခဲ့တာမှာ ဇွန်လ ၁၈ ရက်နေ့မှာတော့ ကျောက်ဖြူ ခရိုင်တရားရုံးက သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ စွပ်စွဲခံထားရ သူသုံးဦးအနက် တဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီးပြီဖြစ်ပြီး သူ အပါအ၀င် သုံးဦးစလုံးကို သေဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုတော့ အမှု စစ်ဆေးစဉ်ကာလတလျှောက် အနီးကပ်စောင့်ကြည့်ပြီး ကိုယ်တိုင်လည်း တရားရုံးမှာ သွား ရောက်နားထောင်ခဲ့တဲ့ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က အခုလို ပြောပြပါတယ်။

“ကျောက်ဖြူခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ မသီတာထွေးအမှုမှာ ကျန်ရှိတဲ့ တရားခံ ၂ ယောက်ဖြစ်တဲ့ သန်းဝင်း (ခေါ်) မာမက်ရော်ပီး၊ မိုးဆွေ (ခေါ်) မြင့်ရွှေ (ခေါ်) လုလု - ဒီတရားခံ ၂ ယောက်အပေါ်မှာ ဒီနေ့မနက် ၁၁ နာရီ၊ ၅၀ မိနစ်လောက်က ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၁ (ဂ) နဲ့ သေဒဏ်အမိန့်ချမှတ်လိုက်တယ်။ တရားခံတွေအနေနဲ့ကတော့ ဒီ ၇ ရက်အတွင်းမှာ တရားလွှတ်တော်ချုပ်ကို အယူခံဖို့ အခွင့်အရေးရှိပါတယ်။ အဲလိုပဲ ဒီသေဒဏ်အမိန့်ကိုလည်း တရားလွှတ်တော်ချုပ်က အတည်ပြုပြီးမှသာ ဆက်လက် ဆောင် ရွက်ရမှာဖြစ်ပါတယ်။”

မေလ ၂၈ ရက်နေ့က အခင်းဖြစ်ပြီးတဲ့နောက် သံသယရှိသူတွေကို ချက်ခြင်းလိုပဲ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၈ ရက်မှာစပြီးတော့ တရားရုံးတင် ကြားနာ စစ်ဆေးခဲ့ပြီးတဲ့နောက် ဇွန်လ ၁၈ ရက်နေ့မှာ စီရင်ချက်ချခဲ့တာပါ။ မသီတာထွေးဟာ ကျောက်နီမော် ကျေးရွာ စံပြရပ်ကွက်မှာ စက်ချုပ်သင်ပြီး နေအိမ်ပြန်လာတဲ့အချိန် ကျောက်ထရံရွာနားမှာ အခုပြစ်ဒဏ်စီရင်ခံရသူတွေက အတင်းအဓမ္မ ပြုကျင့်ပြီးတော့ သတ် ဖြတ်ခဲ့တဲ့အကြောင်း အဲဒီအချိန် နိုင်ငံပိုင်သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခုအမှုကို စစ်ဆေး စီရင်တာဟာ ဥပဒေကြောင်းအရ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိတယ်လို့ တရားခွင်ကို တောက်လျှောက် စောင့် ကြည့် နေခဲ့တဲ့ ဦးဘရှင်က မြင်ပါတယ်။

“တရားစီရင်ရေးအပေါ်မှာ ကျနော်တို့ သတိထားမိသလောက်- စွဲဆိုချက်၊ သက်သေခံထွက်ဆိုချက်တွေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် မျှတ မှန်ကန်တဲ့ စီရင်ရေးလို့ ပြောလို့ရမှာပေါ့။ ဒီအမှုမှာ အထူးသဖြင့် ကျေးဇူးတင်တယ်လို့ ပြောချင်တာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပေါ့ဗျာ။ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ဒီတရားခံ ၃ ယောက်ကို ဘယ်မှ ထွက်မပြေး၊ မတိမ်းရှောင်နိုင်ခင် မြန်မြန်ထက်ထက် ဖမ်းမိနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သက်သေခံ ပစ္စည်းတွေကို အကုန်လုံး သိမ်းဆည်းရမိနိုင် အောင် သူတို့ ကြိုးစားနိုင်ခဲ့တယ်။ နောက် မြန်မြန်ဆန်ဆန်ပဲ တရားစွဲဆို တင်ပို့နိုင်တယ်။ အဲလိုလုပ်ဆောင်ချက်တွေကိုတော့ ဘာပဲဖြစ် ဖြစ် ကျနော်က သူတို့ကို ကျေးဇူးတင်တယ်လို့ ပြောရမှာပေါ့။”

ဒီလူသတ်မှုရဲ့ နောက်ဆက်တွဲလို့ဆိုရမယ့် တောင်ကုတ်မြို့မှာ လူဆယ်ဦးကို လူအုပ်စုနဲ့ ၀ိုင်းပြီးတော့ အကြမ်းဖက် သတ်ဖြတ်ခဲ့ တဲ့ဖြစ်ရပ်၊ တခါ အဲဒီဖြစ်ရပ်တွေအပေါ် နိုင်ငံပိုင်သတင်း မီဒီယာတွေမှာ ရေးသားဖော်ပြခဲ့တဲ့ပုံစံ၊ အဲဒီကနေ ရခိုင်ပြည်နယ်က မြို့တွေမှာ ရုန်းရင်းဆန်ခတ် အကြမ်းဖက် တိုက်ခိုက် မီးရှို့တဲ့ဖြစ်ရပ်တွေ စသည်အားဖြင့် ဆက်တိုက်လို ဖြစ်ခဲ့တာကြောင့်လည်း အခု အမှုစစ်ဆေး တာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာပါ။

တရားခံတွေကိုလည်း ဥပဒေကြောင်းအရ ရသင့်တဲ့ ခံစားခွင့်တွေ တရားရုံးကပေးခဲ့တယ်လို့ ဦးဘရှင်က ပြောပါတယ်။

“တရားခံဘက်ကို စွဲချက်တင်တဲ့နေ့က တရားခံမှာ သက်သေပြမလား၊ ပြန်ခေါ်မလားဆိုပြီးတော့ တရားခွင်က အခွင့်အရေး ပေးပါ တယ်။ သူတို့က ဒီအခွင့်အရေးတွေကို မယူဘူး။ မယူတဲ့အတွက်ကြောင့် သူတို့နှစ်ယောက်ပဲ သက်သေ အဖြစ်နဲ့ ကိုယ့်ဟာကိုယ် အစစ်ခံတဲ့ အဖြစ်ပဲ ရှိခဲ့ပါတယ်။ တရားရုံးကတော့ တရားခံတွေ တောင်းရင် ပေးရမှာပေါ့။ သူတို့က မတောင်းတဲ့အတွက်ကြောင့် - တရားရုံးကတော့ ပြောတာပေါ့။ သက်သေပြမလား၊ တရားခံဘက်က သက်သေပြရင်တော့ တရားရုံးက တရားခံသက်သေတွေကို ခေါ်ပေးမှာပေါ့။ သူတို့က သက်သေ မပြတော့ဘူးဆိုတဲ့အတွက်ကြောင့် သူတို့ ၂ ယောက်ပဲ ရှိတယ်လေ။ အဲဒီ ၂ ယောက်ကို စစ်ဆေးပြီးတဲ့အခါ နှစ်ဘက်လျှောက်လဲချက် ကြားနာပြီးတော့ ဆုံးဖြတ်ခဲ့တာပဲ။”

မသီတာထွေး အသတ်ခံရတဲ့ဖြစ်ရပ်အတွက် အပြစ်ရှိသူတွေကို သေဒဏ်ချမှတ်လိုက်ပြီဖြစ်ပေမဲ့ တောင်ကုတ်မြို့မှာ လူဆယ်ဦး အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတဲ့သတင်းမျိုးတွေ မကြားရသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း ရုန်းရင်းဆန်ခတ် အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးဆောင်တဲ့ အဖွဲ့တဖွဲ့ကို ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးထားပါတယ်။ အဲဒီအဖွဲ့ဟာ လိုအပ်သလို စုံစမ်းစစ် ဆေးပြီးတဲ့နောက် ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတဆီ တိုက်ရိုက် တင်ပြ အစီရင်ခံရမယ်လို့ ညွှန်ကြားထားပါတယ်ခင်ဗျား။


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့