Tuesday, September 4, 2012

ရှမ်းမြောက်တွင် ထုတ်လုပ်မှုလျော့နည်း၍ ကျွန်းသစ်ဈေးမြင့်တက်

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
4 Sep, 2012

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တောတွင်းသစ်ကုန်ကြမ်းထုတ်လုပ်မူလျော့နည်းလာခြင်းကြောင့် ဈေးကွက်တွင်း သစ်ဈေးနူန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

''ဈေးတက်လာတာကတော့ ဒီ(၂ဝ၁၂) ဇွန်လထဲကနေ စတက်လာတာပဲ၊ တစ်ရှိန်ထိုးတက်တာမဟုတ်ပေမယ့် တဖြည်းဖြည်း နဲ့ဈေး ကမြင့်လာတာ၊ တောထဲမှာလဲ သစ်ထုတ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေရှိတော့ သစ်ကုန်ကြမ်းက လိုသလောက်မရ ဘူး''ဟု ကျောက်မဲမြို့ခံ သစ်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

၂ဝ၁၂ ခုနှစ် ဇွန်လပိုင်းတွင်း ကျွန်းသစ် (အကြမ်းထည်)တစ်တန်လျှင် ကျပ် ၆၃ဝဝဝဝ (ခြောက်သိန်း သုံးသောင်း)ရှိခဲ့ရာမှ ယခု စက်တင်ဘာလပိုင်းတွင်း ကျပ် ၆၅ဝဝဝဝ (ခြောက်သိန်း ငါးသောင်း)သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အိမ်သုံးဆိုဒ်(ကျွန်း)တစ်တန်လျှင် ကျပ် ၆၉ဝဝဝဝ (ခြောက်သိန်းကိုးသောင်း)ဝန်း ကျင်ရှိခဲ့ရာမှ ကျပ် ၇၂ဝဝဝဝ (ခုနှစ်သိန်းနှစ်သောင်း)ဝန်းကျင်သို့ မြင့်တက်လာခြင်းဖြစ်သည်။

သစ်ဈေးကွက်တွင်းဈေးနှုန်းမြင့်တက်လာခြင်းမှာ သစ်ကုန်ကြမ်းထုတ်လုပ်ရာ တောတွင်းနေရာများတွင် အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့ များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေခြင်း၊သစ်ထုတ်လုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်ကာ ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း သစ်စက် လုပ်ငန်းရှင်များ ပြောပြချက်အရသိရှိရသည်။

''သစ်ဈေးကလွန်ခဲ့တဲ့ဇွန်လ (၂ဝ) ရက်လောက်ကနေအခုထိ ပျမ်းမျှတစ်တန်ကို သုံးသောင်း လောက်ထိ တစ်ဖြည်းဖြည်းတက် လာနေတာ၊ ဟိုတစ်လောက သစ်ဆိုင်ပိုင်ရှင်တစ်ဦး ပြန်ပေးဆွဲခံရတယ်လို့ ကြားတယ် အဲ့ဒီကတည်းကစပြီး ဈေးတက်လာတော့ တာပဲ''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆောက်အဦးများနှင့် ပရိဘောဂလုပ်ငန်းများအတွက် သစ်မာအမျိုးအစားဟု သတ်မှတ်ထား သော ကျွန်း၊အင်ကြင်း စသော သစ်များအား အသုံးများပြီး သစ်ဈေးမြင့်တက်နေခြင်းသည် ရေရှည်စိုးရိမ်စရာတစ်ခုအဖြစ် ဖြစ်ပေါ်လာနိုင်ကြောင်း သစ်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများ ခန့်မှန်းပြောဆိုကြသည်။

သစ်ကုန်ကြမ်းထုတ်လုပ်နိုင်မူလျော့နည်းလာခြင်းကြောင့် ဒေသခံ သစ်စက်လုပ်ငန်းအချို့မှာ လုပ်ငန်းရပ်နားထားရကြောင်းကိုလည်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း SSA(N)၊ ဝလက်နက်ကိုင်တပ်ဖွဲ့များနှင့် ၂ဝ၁၂ခုနှစ် ဇွန်လအတွင်းကစတင်တာ မြန်မာစစ်တပ် ဖြင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့