Wednesday, September 5, 2012

ပါတီအချင်းချင်း တိုက်ခိုက်မှု အဆုံးသတ်ဖို့ NDF ခေါင်းဆောင်ပြော

အောင်မြတ်ထွန်း၊ နှင်းပွင့်
စက်တင်ဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

လူပုဂ္ဂိုလ်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း တိုက်ခိုက်ဝေဖန်မှုများကို အဆုံးသတ်ကာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမို ကရေစီ ထွန်းကားရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်တွင် အင်္ဂါနေ့က ပြုလုပ်သော NDF ရုံးချုပ်သစ်ဖွင့်ပွဲတွင် ပြောကြားသွားသည်။

"နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များကို တိုက်ခိုက်နေခြင်းထက် တိုင်ပြည် အနာဂတ် တည်ငြိမ်အေးချမ်းရေး ဖွံဖြိုး တိုးတက်ရေး ဒီမိုကရေစီထွန်းကားရေးတို့ကို ဦးစားပေးပြီး အဟောင်းကို ရည်ရှည်ဖက်တွယ်ထားခြင်းမျိုး မရှိသင့်တော့ ပါဘူး" ဟု ဦးခင်မောင် ဆွေက ပြောသွားသည်။

အန်ဒီအက်ဖ်ပါတီအပေါ် မည်သူတွေက တိုက်ခိုက်နေတာလည်းဆိုခြင်းအပေါ် သူက ထည့်သွင်းပြောသွားခြင်း မရှိ သလို လတ် တလော အန်ဒီအက်ဖ်နှင့် ပတ်သက်၍ တိုက်ခိုက်မှုများလည်း ကြားသိရခြင်း မရှိပါ။ သို့သော် ၂ဝ၁ဝ ရွေးကောက်ပွဲအကြို ကာလ တွင် သူတို့၏ ပါတီဟောင်းဖြစ်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အချို့က ပြစ်တင် ဝေဖန်မှုများရှိခဲ့သည်။

အမျိုးသား ညီညွတ်ရေးအတွက် စစ်မှန်သည့် တန်းတူညီမျှမှုရှိသည့် ပြည်ထောင်စုတခု တည်ထောင်ပြီး နိုင်ငံသား အားလုံး၏ လူမှုစီးပွားရေးဘဝများ တိုးတက်စေရန် ဒီမိုကရေစီအင်အားစုများ လက်တွဲညီညီ ချီတက်ကြရန်လိုကြောင်း လည်း ဦးခင်မောင် ဆွေက တိုက်တွန်းပြောကြားသွားသည်။

"တဘက်နှင့်တဘက် အပြန်အလှန်လေးစားမှု အပြန်အလှန်နားလည်မှု ပူးပေါင်းဆောင်ရွက်မှု သဘောထားကြီးမှု စိတ်ရည် သီးခံ မှုတို့ကို လက်တွေ့ကျင့်သုံးမှသာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့ကို ထာဝရ တည်ဆောက်နိုင်ပါလိမ့်မယ်" ဟုလည်း ဦးခင်မောင်ဆွေက ပြောသွားသည်။

NDF ရုံးချုပ်ကို ၂၀၁၀ ခုနှစ်မှစ၍ တာမွေမေတ္တာညွန့်ရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအချိန်တွင် NLD တိုင်းရုံးနှင့် ပေ ၅၀၀ ခန့်အကွာသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ NDF ပါတီမှ ခေါင်းဆောင်အများစုသည် NLD ပါတီဝင်ဟောင်းများဖြစ်ကြပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင် သဘောထားကွဲရာမှာ NDF ပါတီ ပေါ်ပေါက်လာခဲ့သည်။

NDF ပါတီဌာနချုပ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲ အခမ်းအနားသို့ ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီ ခေါင်းဆောင်များ၊ တစည ပါတီမှ အတွင်းရေးမှူး ဦးဟန်ရွှေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်၊ ကျားဖြူပါတီမှ ဦးစောသန်းမြင့် ချင်းတိုး တက်ရေးပါတီမှ ဦဒိုင်ထုန်း တို့လည်း တက်ရောက်ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့