Thursday, September 6, 2012

အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးအဆင်ပြေရန် ကြိုးစားမည်ဖြစ်ကြောင်း ဒေါက်တာနိုင်အောင် ပြော

မေသင်္ကြန်ဟိန်(မြစ်မခ)
6 Sep, 2012

သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိနေသာ ဒေါက်တာနိုင်အောင်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပြည်တွင်းပြည်ပရောက် ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ဝင်များအားလုံး၊ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်မခ မီဒီယာသို့ ပြော သည်။

`အစိုးရကလည်း ပြောထားတာက သူတို့လွှတ်တော်ရှေ့အစည်းဝေးက နေပြည်တော်မှာ လုပ်ဖို့လည်းရှိတယ်၊ အစိုးရပိုင်းကလည်း ဒါမျိုးစဉ်းစားထားပြီးသားရှိတယ်ပေါ့၊ နေပြည်တော်မှာ ၇ ရက် ၁၀ ရက်နဲ့တော့ ကိစ္စပေါင်းစုံကို တခါတည်းရှင်းလို့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့လည်း ကဏ္ဍအလိုက်ဆွေးနွေးထားသင့်တယ်လို့ တင်ပြထားပါတယ်`ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ပြည်ပမှ မြန်မာ့ဒီမိုကရေစီရေးအတွက်ဆောင်ရွက်နေကြသော ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်၊ ဦးမိုးသီးဇွန်တို့အဖွဲ့နှင့် လူ့ဘောင်သစ်မှ ဦးအောင်မိုးဇော်တို့အဖွဲ့ပါ ရောက်ရှိနေကြပြီး၊ ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဝင်များအားလုံး အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ဆောင်ရွက်လျှင်အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိ ကြောင်း သူက ပြောသည်။

"ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ဟိုစဉ်ကတည်းက ကျနော်တို့ တောက်လျှောက်တောင်းဆို ခဲ့ကြတာက တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပါ၊ ပြည်တွင်းပြည်ပ အင်အားစုတွေအားလုံးပါဝင်တဲ့ တိုင်းရင်း သား တွေအားလုံးပါဝင်တဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေလည်း ပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး ကိစ္စကိုပါ။ ၂၀၁၅ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးပွဲ တခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက်ပါ"ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ဒေါက်တာနိုင်အောင်အနေဖြင့် ယခု မြန်မာပြည်ခရီးမှာ တသီးပုဂ္ဂလအနေဖြင့်လာရောက်ခြင်းသာဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု Forum for Democracy in Burma ( FDB )အနေဖြင့် လာရောက် ခြင်း မဟုတ်ကြောင်း ပြောသည်။

မြန်မာပြည်ရောက်ရှိပြီးနောက် ၀န်ကြီးဦးအောင်မင်းနှင့်လည်း နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရန် အစီစဉ်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်အရေးတော်ပုံပေါ်ပေါက်ပြီးနောက်တပ်မတော်အစိုးရမှ အာဏာသိမ်းယူခဲ့ပြီး ပြည်တွင်းမှ ဒီမိုကရေစီ လို လားသူများက မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရန် နယ်စပ်ဒေသများသို့ထွက်ခွာခဲ့ကြကြောင်း၊ ယခုလို အသွင်ကူးပြောင်း ရေးကာလ မြန်မာ့ဒီမိုကရေစီရေးနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးသိန်းစိန်မှ ပြည်ပရောက် မြန်မာနိုင်ငံသား များအား ပြန်လည်ဖိတ်ခေါ်ရာတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိကြောင်း ဒေါက်တာနိုင်အောင်က မြစ်မခ မီဒီယာသို့ ပြောဆိုခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့