Wednesday, September 5, 2012

ကလေးစစ်သား လွှတ်ပေးမှု နည်းပါးလွန်း

ကျော်ခ
September 4, 2012

ကာကွယ်ရေးဝန်ကြီးဌာနမှ အသက်မပြေည့်သေးသော ကလေးစစ်သား ၄၂ ဦးကို တပ်မတော် တာဝန်ရှိသူများက ပြန်လည် လွှတ် ပေးသည်ကို ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုသော်လည်း ယင်းအရေအတွက်သည် ရုပ်ပြသဘော လုပ်ဆောင် သည့် အဆင့် ဖြစ်နေကြောင်း ဝေဖန်ပြောဆို နေကြသည်။

အစိုးရ စစ်တပ်ထဲတွင် ကလေးစစ်သားမရှိကြောင်း အမြဲတမ်းငြင်းဆိုခဲ့သည့် အစိုးရအနေဖြင့် ကလေးစစ်သားများရှိနေကြောင်းကို ဝန်ခံ၍ တာဝန်ထမ်းဆောင်ခိုင်းနေခြင်းမှ နုတ်ထွက်ခွင့်ပေးပြီး အုပ်ထိန်းသူများထံအပ်နှံခြင်းကို ကြိုဆိုကြောင်း၊ သို့သော် အဆိုပါ အရေအတွက်သည် နည်းပါးလွန်းပြီး နိုင်ငံတကာ အမြင်လှရေးအတွက်သာ ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြော ဆိုကြသည်။

“အခု သူတို့လုပ်တဲ့ပုံစံကို မကြိုက်ဘူး၊ ILO နဲ့ သူတို့ အပြည်ပြည်ဆိုင်ရာမှာ အကြောင်းပြလှအောင်သာ လုပ်တယ်၊ ကလေး စစ် သား ဘယ်လောက်ရှိတယ် ဆိုတာကို ဘယ်သူမှ သိခွင့်မရှိဘူး၊ တိုင်းသိပြည်သိ မကြေညာဘူး၊ လွှတ်ပေးတာလည်း အပြု သဘောဖြစ် နေတဲ့အတွက် စာရွက်ပေါ်မှာ ကောင်းအောင်လုပ်ပြတယ်လို့ပဲမြင်တယ်”ဟု လူ့အခွင့်အရေး လှုပ်ရှားသူ လမ်းပြကြယ် အဖွဲ့ခေါင်း ဆောင် ဦးအေးမြင့် က ဧရာဝတီ သို့ ပြောသည်။

ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ အသက်မပြည့်သေးသော ကလေးစစ်သား ၄၂ ဦးကို စစ်မှုထမ်း ဆောင်ခြင်းမှ နုတ်ထွက်ခွင့် လက်မှတ်များနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေး၍ မိဘအုပ်ထိန်းသူများထံ အပ်နှံသော အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ထိုအခမ်း အနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် တင်မောင်ဝင်း အပါအဝင် စစ်ဘက်အရာရှိများနှင့် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း စုံစမ်းသိရသည်။

အသက် ၁၈ နှစ်မပြည့်သေးသော ကလေးငယ်များကို စစ်တပ်တွင်း တာဝန်ထမ်းဆောင်ရန် အဓမ္မ စုဆောင်းခြင်းခံရမှုနှင့် ပတ် သက်၍ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်အတွင်း အမှုတွဲ ၅၀၀ ကျော်အတွက် လမ်းပြကြယ်အဖွဲ့ ရန်ကုန်မြို့အခြေစိုက် ကမ္ဘာ့ အလုပ် သမား အဖွဲ့ချုပ်(ILO) သို့ တိုင်ကြားထားကြောင်း ဦးအေးမြင့်က ပြောပြသည်။

ထိုအရေအတွက်တွင် ကလေးစစ်သားအဖြစ် ခိုင်းစေခံရသူများ၊ ထွက်ပြေး၍ ထောင်ချခံထားရသော ကလေးစစ်သားများ၊ အရွယ် ရောက်ပြီးသော လူငယ်များကိုလည်း စစ်တပ်တွင်း အဓမ္မခေါ်ယူ ခြင်းအား အဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းများဖြင့် လမ်းပြကြယ်အဖွဲ့ က တင်ပြထားသော်လည်း ထိုသူများလွတ်မြောက်လာခြင်း မရှိသေးဟု၎င်းက ဆိုသည်။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ တိုင်းပြည်မှာ စာရွက်စာတမ်းနဲ့ ဘယ်ဌာနမှာရှိနိုင်တယ်၊ ဘယ်ကလေးတွေပြန်ပို့ပြီ ဆိုတဲ့၊ တိုင်ထားတာက ဘယ်သူပါ၊ အရေအတွက် ဘယ်လောက်ဆိုတာ အစိုးရက အဆင့်ဆင့် ဘာမှ မလုပ်ထားပေးဘူး၊ ကလေး မိဘတွေက မျက်စိသူငယ် နားသူငယ်နဲ့ သူတို့သား ဘယ်တော့ ပြန်လာမလဲဆိုတာ မသိဘူး”ဟုလည်း ဦးအေးမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင်း မြို့နယ်ပေါင်း ၁၅၇ မြို့နယ်တွင် လူ့အခွင့်အရေးကိစ္စများ ကိုင်တွယ်ဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်သူများ ကွန်ရက်(HRDP) ကလည်း ယနေ့ လွှတ်ပေးလိုက်သော ကလေးစစ်သား အရေအတွက်နှင့် ပတ်သက် ဝေဖန်ပြောဆိုသည်။

“ကျနော်တို့ သိသလောက်ကတော့ မြန်မာပြည်မှာ ကလေးစစ်သားတွေ အများကြီးကျန်ပါသေးတယ်၊ အခုပြုပြင်ပြောင်းလဲရေး ကာလမှာ နိုင်ငံတကာက တောင်းလာတဲ့ အခါမျိုးမှာ for show (ဟန်ပြ)လုပ်ပြတယ်လို့ ကျနော်တို့ယူဆတယ်၊ တကယ် လုပ်တာ တော့ မဟုတ်ပါဘူး၊ တကယ်လုပ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာ ကလေးစစ်သား ထောင်သောင်းချီ ရှိပါတယ်၊ အဲဒါ တွေကို မိဘ တွေဆီ အကုန်ပြန်ရောက်အောင် ပို့တယ်ဆိုရင်တော့ တကယ်ပြုပြင်ပြောင်းလဲနေပြီလို့ ပြောလို့ရပါတယ်”ဟု HRDP အဖွဲ့မှ ဦးမြင့်နိုင် က ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သား အဓိက အစုဆောင်းခံရဆုံးနေရာများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့ဖြစ်ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း HRDP က ဆောင်ရွက်ပေးခဲ့သော ကလေးစစ်သား ၇၉ မှုတွင် ၂၃ ဦး သာ လွတ်မြောက်လာခဲ့ပြီး အများစုမှာ ကျန်နေဆဲဖြစ်ကြောင်း HRDP အဖွဲ့က ဆိုသည်။

“ကလေးစစ်သားတွေ လွှတ်ပေးတဲ့အပေါ်တော့ ကြိုဆိုပါတယ်၊ သူတို့လွှတ်ပေးလိုက်တဲ့ ကလေးတွေက ၁၈ နှစ်အောက် တွေ၊ အရင် ၁၄-၁၅ နှစ်လောက်ကတည်းက အဖမ်းခံရပြီး အခု ၁၉-၂၀ တွေ ဒီလိုကလေးတွေ အများကြီးကျန်သေးတယ်၊ ဒီလို ကလေး တွေပြန်လွတ်လာနိုင်ဖို့ ဘယ်လိုအခြေအနေရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး”ဟု HRDP အဖွဲ့ဝင်တဦးဖြစ်သည့် ဦးမောင်မောင်လေး ကလည်း ဧရာဝတီသို့ ပြောသည်။

ယခု ကလေးစစ်သား လွှတ်ပေးသည့် အပေါ် ပြည်ပအခြေစိုက် လူ့အခွင့်ရေးပညာပေးဌာန(HREIB) ကလည်း ကြိုဆိုကြောင်း၊ သို့သော် ထိရောက်မှု အားနည်းနေသေးကြောင်း၊ ကလေးစစ်သားပပျောက်ရေးနှင့်ပတ်သက်၍ မြန်မာအစိုးရတွင် တိကျသော စီမံကိန်း များ ရေးစွဲထားသည်ကို မတွေ့ရှိရကြောင်း HREIB ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောဆိုသည်။

“ကလေးစစ်သား အသုံးပြုခံရတဲ့ ကလေးတွေဟာ သူတို့မှာ စိတ်ဒဏ်ရာ အနာတရဖြစ်ပြီး ကျန်ခဲ့တယ်၊ ဒါကြောင့် မိဘတွေဆီကို ပြန်မပို့ခင်မှာ စိတ်ပိုင်းဆိုင်ရာအရ သူတို့စိတ်ကို သာမန်ဘဝမျိုးပြန်ဖြစ်ဖို့အတွက် ကူညီစောင့်ရှောက်ပေးဖို့ အများကြီးလိုတယ်၊ နိုင်ငံ တကာမှာလည်း ကလေးတွေကို အဲဒီလိုပြန်ပို့ရင် စိတ်ပိုင်းဆိုင်ရာ ကုစားပြီးမှပြန်ပို့တာရှိတယ်၊ ဒါကြောင့် ကလေးတွေရဲ့ စိတ် ပိုင်းဆိုင်ရာ ကုစားပေးပြီး အဆင်သင့်ဖြစ်မှ မိဘတွေထံပြန်ပို့ပေးဖို့ အစိုးရကို တိုက်တွန်းချင်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြော သည်။

မြန်န်မာအစိုးရအနေဖြင့် ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ကလေးစစ်သားရှိမရှိ စုံစမ်းစစ်ဆေးပိုင်ခွင့် ပေးခြင်း၊ UNICEF အပါအဝင် ကလေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများကို ဝင်ရောက်စစ်ဆေးခွင့်ပြုခြင်း တို့ဖြင့် အချက် အလက်များ တိတိကျကျဖြင့် လုပ်ဆောင်နိုင်ရန် တိုက်တွန်းကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကလေးအခွင့်အရေးဆိုင်ရာ CRC (Convention on the Rights of the Child) ကို ၁၉၉၁ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အချက်ပေါင်း ၅၄ ချက်ပါဝင်သော ကလေးသူငယ်များ ဥပဒေပြဌာန်း ခဲ့သည်။ CRC ၏ အဓိကရည်ရွယ်ချက်မှာ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းရေးကို ဦးတည်ရန်ဖြစ် ကြောင်း၊ သို့သော် ကလေးစစ်သားနှင့် သက်ဆိုင်သော နောက်ဆက်တွဲ စာချုပ်ကို မြန်မာ အစိုးရက ယနေ့အထိ လက်မှတ် မထိုးခဲ့ကြောင်း သိရသည်။

ကလေးစစ်သားပပျောက်ရေးနှင့် ပတ်သက်၍ ယခင်စစ်အစိုးရလက်ထက်တွင် လုပ်ဆောင်နေကြောင်း ပြောဆိုနေသော်လည်း လက်တွေ့တွင် ထိရောက်စွာ ဆောင်ရွက်မှုမရှိသည့်အတွက် အရပ်သား အစိုးရလက်ထက်တွင် ကုလသမဂ္ဂ ဘက်မှ UNICEF နှင့် မြန်မာအစိုးရတို့အကြေားတွင် ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ယင်း စာချုပ်တွင် မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေး အတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော် ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို စစ်ရေးချုပ်ရုံးမှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း၊ တပ်အင်အား ဖြည့် တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ငွေသိန်းနှင့် UNICEF ဌာနေ ကိုယ်စားလှယ် Mr. Ramesh Shrestha, Mr. Ashok Nigham တို့က လက်မှတ် ရေးထိုးကြကြောင်း သိရသည်။

အရွယ်မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေခြင်းမှာ မြန်မာစစ်တပ် တခုတည်း မဟုတ်ကြောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)၊ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်(KNLA)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- Peace Council)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀” ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့လည်း အသုံးပြုကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့