Wednesday, September 5, 2012

မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးဖြစ်သွားတဲ့ ၈၈ ၏ ဂီတာ

ပန်းမြတ်ဇော်၊ မြတ်ကျော်သူ
စက်တင်ဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

၈၈ ကျောင်းသားခေါင်းဆောင် သုံးဦးပေါင်း ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင် သော ဂီတာတလုံးကို ကျပ်သိန်းပေါင်း ၅၈၈ သိန်းနှင့် စက်တင်ဘာ ၁ ရက်နေ့က MCC ခန်းမမှာ ကျင်းပခဲ့သည့် ၈၈ မျိုးဆက် ရန်ပုံငွေ စေတနာ ဝသာန်ဂီတ ဖျော်ဖြေပွဲမှာ ရောင်းချနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ဂီတာ ဖြစ်သွားခဲ့သည်။

ဂီတာ၏ နောက်ကျောဘက်တွင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုပြုံးချိုတို့ သုံးဦးရေးဆွဲထားသည့် ရန်ကုန်တက္ကသိုလ် နောက်ခံ ပန်းချီ နှင့်ဂစ်တာ၏ ရှေ့ဘက်တွင် ၈၈ မျိုးဆက် The 88 generation ဆိုသော စာသားပါဝင်သည်။

ဒီဂစ်တာကို လေလံဆွဲသူများကား စစ်အစိုးရလက်ထက် လက်ရင်းလူယုံ ခရိုနီလုပ်ငန်းရှင်များဟု သမုတ်ခံကြရသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် Sky Net ရုပ်သံလိုင်းက အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့ ဖြစ်ကြပြီး အဆုံးတွင် ဦးဝင်းနိုင်က က ၅၈၈ သိန်းနှင့် အနိုင်ရရှိသွားခဲ့ခြင်းကာ စေတနာ ဝသာန် ဖျော်ဖြေပွဲ လာရောက်သူတွေအတွက် အံ့သြမင်သက် မှုကို ဖြစ်သွားစေတော့သည်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ် ၂၀ ကျော် ထောင်ထဲနေခဲ့ရဖူးသည့် ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချို က “ ကျနော်တို့ထာင်ထဲက ထွက်လာပြီးတော့ ဆွဲထားတဲ့ ဒီအနုပညာကို အသိအမှတ်ပြုပြီး အမှတ်တရ သိမ်းထားနိုင်အောင် လေလံဆွဲဝယ်ယူသွားတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်၊ ဒီဂီတာကို လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက ၈၈ ဆိုတဲ့ ဂဏန်း လေးလဲ ပေါ်အောင် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆီမှာ အပ်နှံခဲ့ပါတယ်” ဟု ပြောသည်။

ကုသိုလ်ဖြစ်ပွဲတော်တွင် ဂီတပညာရှင် အယောက် ၈ဝ ၏ဖြေဖျော်မှု၊ ၈၈ ကျောင်းသားခေါင်းဆောင်များ ထောင်ထဲ ရှိနေစဉ် အတွင်း ရေးစပ်ထားသော ကဗျာ ရွတ်ဆိုမှုများ ပါဝင်သည်။ ပွဲတော်မှ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃,၀၀၀ ကျော် လက်ခံ ရရှိခဲ့သည်။

“အရင်တုံးကဆို ဒီလိုပွဲမျိုးလုပ်ဖို့လည်းမပြောနဲ့၊ ရှစ်လေးလုံးဆိုတာ ခေါင်းစဉ်တပ်ဖို့တောင် မလွယ်ဘူး။ သူတို့ (၈၈ခေါင်း ဆောင် များ) နာမည်ကို ပြောဖို့လည်း မလွယ်တဲ့ အခြေအနေ” ဟု အခမ်းအနား တက်ရောက်သူ အမျိုးသမီးတဦးက မဇ္ဈိမရုပ်သံသို့ ပြောသွားခဲ့သည်။

ဒီအလှူငွေများအနက် ကျပ်သိန်းပေါင်း ၆ဝဝ ကို ရေဘေးဒုက္ခသည်၊ လူမှုရေးဆိုင်ရာ အရေးအခင်း ဖြစ်လျက်ရှိတဲ့ ရခိုင်ဒေသ၊ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအတွက် အသီးသီးလှူဒါန်းမှာ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့