Thursday, September 6, 2012

ဝက်လက်မြို့နယ်မှ စပါးစိုက်ခင်းများတွင် အရွက်စားပိုးကျရောက်နေ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
5 Sep, 2012

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့နယ်ရှိ စပါးစိုက်ခင်းများတွင် အရွက်စားပိုးများကျရောက်နေ သောကြောင့် တောင်သူ လယ်သမားများ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

ဝက်လက်မြို့နယ်တွင် ၀ါခေါင်လဆန်းပိုင်းမှစ၍ အရွက်စားပိုးများ ကျရောက်ကာ စပါးပျိုးခင်းများ ဖျက်ဆီး ခံရခြင်းဖြစ်သည်။

“အရင်တုန်းကသီးနှံဖြစ်ပြီးမှ သီးစားပိုးတို့ ပြတို့လောက်ပဲ သုတ်သင်ရတာ အခုအပင် မဖြစ်သေးဘူး ရွက်စားပိုးတွေကျတော့ ကုန်တာသာကြည့်တော့ ဒီအဖြစ်မျိုးက ကျုပ်တို့ဘက်မှာ ရှားတယ် အခုမှ နဖူးတွေ့ဒူးတွေ့တွေ့ရတော့ ခက်နေပြီ” ဟု လှတော ရွာမှ တောင်သူဦးလွန်းမောင်က ၄င်း၏အဖြစ်ကိုရှင်းပြ သည်။

စိုက်ခင်းတစ်ခင်းပိုးကျပါက ကျန်စိုက်ခင်းများပါ ဂရုစိုက်ရနေရကြောင်းကိုလည်း သိရသည်။

“ဆေးဖြန်းတာလည်းစုံနေပြီ၊ ပိုးကျပြီဆိုရင် ပျိုးခင်းတစ်ခုလုံးဝါ ကုန်တာ၊ အပင်တွေ မဖြစ်တော့ဘူး တစ်ခင်းလုံးမီးရှို့ပြီး အသစ်ပြန် စိုက်ရတယ် ပြန်စိုက်ရတော့ တောင်သူစရိတ်တွေ ပိုကုန်တယ်ဗျ”ဟု ၀က်လက်မြို့နယ် ပင်းဇင်းကျေးရွာမှ တောင်သူဦးမင်းမင်းက ပြောသည်။

ဝက်လက်မြို့နယ်အတွင်းရှိပင်းဇင်းကျေးရွာ၊ မန်ကျည်းတုန်ကျေးရွာ၊ မှုးကြီးကျေးရွာနှင့် တခေါင်းမင်း ကျေးရွာများတွင် အရွက်စားပိုး အများဆုံးကျရောက်နေကြောင်း တောင်သူကြီးများက ဆိုသည်။

၎င်းဒေသရှိ စပါးစိုက်ပျိုးသောနယ်များတွင် လွန်ခဲ့သောနှစ်များတွင်လည်း ရာသီဥတု ဆိုးဝါးပြီး မိုးခေါင်ခြင်း စပါးစိုက်ခင်းများတွင် ကြွက်ကျခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ နစ်နာခဲ့ရသည်။

ဒုက္ခမျိုးစုံရင်ဆိုင်နေရသောကြောင့် တောင်သူတစ်ချို့လယ်ထဲဆင်းရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြကြောင်း ပင်းဇင်းကျေးရွာမှ တောင်သူ ဦးမြင့်ဆန်းက ပြောသည်။

တောင်သူဦးကြီးများ ရင်ဆိုင်နေရသောအခက်အခဲများမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာများဖြစ်ပြီး ဖြေရှင်းရန် ပိုမိုကောင်းမွန် သော စိုက်ပျိုးရေးနည်းပညာများတိုးချဲ့ အသုံးပြုရန်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်မှာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော ကိုဥာဏ်လင်းထွန်းက တောင်သူများအတွက် အကြံ ပြုပြောဆိုသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့