Tuesday, September 4, 2012

မိုးမရွာပါက ပုဂံမှမြေပဲစိုက်တောင်သူများ ဆုံးရှုံးမှုကြီးမားနိုင်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
4 Sep, 2012

ပုဂံမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မိုးခေါင်မှုဘေးကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသဖြင့် မြေပဲစိုက်တောင်သူများ အခက်တွေ့နေ ကြောင်း ဒေသခံများထံက သိရသည်။

''မြစ်နဲ့နီးတဲ့အကွက်တော့ ရေလောင်းလို့တော့ ရတယ်ဗျ၊ မြစ်နဲ့ဝေးတဲ့အကွက်ကျတော့ ဒီတိုင်းပဲထား ရတယ်၊ မိုးကိုမျှော်ရုံပဲ ရှိတာပေါ့''ဟု တောင်သူတစ်ဦးဖြစ်သူ ဦးကိုကိုငြိမ်းက ပြောသည်။

ယမန်နှစ်က ၁ဧက လျှင် အခွံချွတ် ပဲ (၁၅)တင်းထွက်ရှိကြောင်းနှင့် ယခုနှစ်ထွက်ရှိမှုမှာ မိုးရွာသွန်းမှုအပေါ် မူတည်ကြောင်း ကိုလည်း ပုဂံမိုးနတ်ကုန်းကျေးရွာမှ မြေပဲ(၉)ဧက စိုက်ပျိုး တောင်သူက ဆိုသည်။

ပုဂံဒေသတွင် မိုးခေါင်မှုမှာ နှစ်လနီးပါးခန့်ကြာမြင့်ပြီဖြစ်ကြောင်းနှင့် မိုးရွာလျှင်လည်း အနည်းငယ်သာရွာသွန်းကြောင်း သိရသည်။

ပြီးခဲ့သောနှစ်များတွင်မူ ယခုနှစ်လောက် မိုးခေါင်မှုမရှိသောကြောင့် မြေပဲစိုက်ခင်းတစ်ဧကလျှင် အခွံမခွာရသေးသောမြေပဲ တင်း(၃ဝ)ခန့်ထွက်ရှိကြောင်း မြေပဲစိုက်တောင်သူများက ပြောသည်။

''ဒီနှစ်မှာ နောက်ဆယ်ရက်ကျော်ကျော်လောက်မှမိုးမရွာရင်တော့ အခင်းတွေပျက်စီးဖို့ပဲရှိတယ်မိုးရွာခဲ့ရင်တော့ ရနိုင်ပါသေး တယ် ''ဟု တောင်သူတစ်ဦးဖြစ်သူ ဦးရဲတင့်က ပြောသည်။

အဆိုပါဒေသမှထွက်ရှိသော မြေပဲများကို မန္တလေးနှင့် ရှမ်းပြည်နယ်မှ အဓိကဝယ်ယူနေသလို ပခုက္ကူ၊ ချောက်နှင့် ညောင်ဦးမြို့ တို့မှလည်း လာဝယ်ကြောင်းကိုလည်း သိရသည်။

မြေပဲအား အဓိကအားဖြင့် ဆီကြိတ်ပြီး၊ အပင်ကို နွားစာအဖြစ်ကျွေးကာ၊ ဆီကြိတ်၍ ထွက် လာသော အပိုပစ္စည်းများ အား (ပဲဖတ်) ဝက်ကျွေးရန်အတွက် အသုံးပြုသည်။

ပုဂံမြို့အတွင်းတွင် ကျေးရွာအုပ်စု(၉၉)စု ရှိပြီး၊ ရွာပေါင်း(၁ဝဝဝ)နီးပါးခန့်ရှိကာ အများစုမှာမြေပဲကိုသာ အားပြုစိုက်ပျိုးကြကြောင်း ဒေသခံတို့ကဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့