Wednesday, September 5, 2012

ယခုနှစ်တွင် ပုဂံဇုန်သို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု သုံးပုံတစ်ပုံခန့် မြင့်တက်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
5 Sep, 2012

မြန်မာနိုင်ငံ၏ ပွင့်လင်းလာသောအခြေအနေများကြောင့် ယခုနှစ်စက်တင်ဘာလတွင် ပုဂံဇုန်သို့ နိုင်ငံခြားသားဧည့်သည် များဝင် ရောက်လည်ပတ်မှုမှာ ယခင်နှစ်စက်တင်ဘာလထက် သုံးပုံ တစ်ပုံခန့် ပိုမိုများပြားလာကြောင်း သိရသည်။

ယခင်နှစ်စက်တင်ဘာလတွင် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ (၆၃၄၉)ဦးရေရှိခဲ့ပြီး ယခုနှစ်တွင် (၉၆၉၁)ဦးရောက်ရှိကြောင်း ပုဂံဇုန်ရှိ ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

''နိုင်ငံခြားသားဧည့်သည်အလာများတာကတော့ မြန်မာနိုင်ငံကလည်း အရင်နဲ့မတူတော့ ဘူးလေ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လည်း တစ်ကမ္ဘာလုံးကသိနေတော့ စိတ်ဝင်စားပြီး လာကြတယ်''ဟု မြန်မာနိုင်ငံဧည်လမ်းညွှန်များအသင်းမှ ဒုဥက္ကဌ ဦးဇော်ဝင်း ချိုကပြောသည်။

ယခုလတွင် ပုဂံဇုန်သို့ အများစုလာရောက်လည်ပတ်သည့် နိုင်ငံခြားသားများမှာ ဥရောပနိုင်ငံ များဖြစ်သော ပြင်သစ်၊ဂျာမနီနှင့် စပိန်နိုင်ငံများမှဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ယခင်လများတွင်မူ အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့်တရုတ်တို့မှ အများဆုံးလာရောက်လည် ပတ်ကြကြောင်း ကိုလည်း သိရသည်။

လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားဧည်သည်များမှာ ဟိုတည်များနှင့် တည်းခိုခန်းများ တွင်သာ တည်းခိုလေ့ရှိပြီး ဟုမ်းစ တေးစနစ်ဖြင့် နေထိုင်မှု မရှိသေးကြောင်းကိုလည်းသိရသည်။

ဧည်သည်များအနေဖြင့် ပုဂံဘုရားများအားလိုက်လံကြည့်ရှုရာတွင် စက်ဘီးနှင့် မြင်းလှည်းများသာငှားရမ်းမှုများပြီး ကုမ္ပဏီပိုက်ဆံဖြင့် လာရောက်ကြသူများသာ ကားဖြင့်လည်ပတ်လေ့ ရှိကြောင်း ဒေသခံများက ဆိုသည်။

စက်ဘီးဖြင့်လည်ပတ်လျှင် တစ်ရက်ငှားရမ်းခနှုန်း(၅ဝဝဝ)ကျပ်နှင့် မြင်းလှည်းဖြင့်လည်ပတ်လျှင်တစ်ရက်ငှားရမ်းခနှုန်း (၁၅ဝဝဝ) ကျပ် ဈေးရှိကြောင်းကိုလည်း သိရသည်။

ပုဂံဇုန်တွင် နိုင်ငံခြားသားအသွားအများဆုံးနေရာများမှာ အာနန္ဒာဘုရားနှင့် ရွှေစည်းခုံစေတီတို့ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့