Wednesday, January 9, 2013

ပြည်နယ်အစိုးရအဖွဲ့က မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီတွင် ပါဝင်လို

ကွန်ချမ်း
ဇန်နဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ်

မွန်ပြည်နယ် အစိုးရအဖွဲ့က မွန်အမျိုးသားနေ့ ကျင်းပရာတွင် မွန်အမျိုးသားနေ့ကျင်းပရေး ဦးစီးကော်မတီဝင်များ အဖြင့် ပါဝင်ကာ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဇန်န၀ါရီလ (၇) ရက်နေ့က ကျင်းပရေးကော်မတီကို ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ယင်း ကော်မတီက ပြောသည်။

ပြည်နယ်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက မွန်ပြည်နယ် ရုံးခန်းတွင် မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီ ၅ ဦးကို ခေါ်ယူတွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ကို ရှင်းပြခဲ့သည်ဟု (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောသည်။

“မွန်အမျိုးသားနေ့ ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့ ပြည်နယ် အစိုးရ ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဝန်ကြီးနှစ်ပါးကို ဦးစီးကော်မတီမှာ ပါဝင်ဆောင်ရွက်ဖို့ သူတို့ စီစဉ်ထားတဲ့အကြောင်း ကျနော်တို့ကို ခေါ်ပြီး ဆွေးနွေးတယ်” ဟု သူက ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ တို့အား နာယကများ အဖြစ်၊ ၎င်းနောက် ပြည်နယ် ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမင်းနွယ်စိုးနှင့် ဒေါက်တာခင်မောင်သွင် တို့အား ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများအဖြစ် ကျင်းပရေး ကော်မတီတွင် ထည့် သွင်းရန် ပြည်နယ် အစိုးရက စီစဉ်ထားသည်ဟု ဆိုသည်။

ကျင်းပရေး ကော်မတီ အနေနှင့် ပြည်နယ် အစိုးရအဖွဲ့၏ တရားဝင် သဘောထား အဆိုပြုချက်ကို တောင်းခံထားပြီး အဆိုပြုချက်ကို လက်ခံရရှိပါက ပြည်နယ် အစိုးရ၏ အစီအစဉ်ကို လက်ခံ မခံ ဗဟိုကော်မတီ အစည်းအဝေးတွင် အဆုံးအဖြတ်ပေးလိမ့်မည်ဟု ပြန် လည်ဆွေးနွေးခဲ့သည်။

ဗဟိုကော်မတီအနေဖြင့် ၎င်းတို့ ကိုယ်တိုင် အများဆန္ဒဖြင့် ရွေးကောက်ထားသည့် ကော်မတီဖြစ်သဖြင့် ယခုလို ကျင်းပရေးကော်မတီတွင် ၀န်ကြီးများ ပါဝင်မည့်အရေးနှင့်ပတ်သတ်၍ တရားဝင်အကြောင်းကြားရန် လိုကြောင်း ဦးနိုင်တင်အောင်က ပြောသည်။

“ပါဝင်ချင်ရင် ကျနော်တို့ကို တရားဝင် စာနဲ့ အကြောင်းကြားပါ။ ကျနော်တို့ကလည်း အများဆန္ဒနဲ့ ရွေးကောက်ထားတဲ့ ဗဟိုကော်မတီအဖွဲ့ ဖြစ်နေတော့ ဗဟိုကော်မတီကို မတင်ဘဲနဲ့ လက်ခံလို့ မရဘူး။ ဗဟိုကော်မတီက လက်ခံရင် ဝင်ပေါ့။ လက်မခံရင် ဝင်လို့ မရဘူးလို့ ကျနော်တို့ ပြန်ပြောတယ်” ဟု နိုင်တင်အောင် က ပြောသည်။

၎င်းပြင် ပြည်နယ် အစိုးရ အနေနှင့် မွန်အမျိုးသားနေ့တွင် ဦးစီး ပါဝင်ဆောင်ရွက်မည် ဆိုပါက ထိုနေ့ကို တရားဝင် ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် လိုကြောင်းလည်း ကျင်းပရေး ကော်မတီက တင်ပြခဲ့ပြီး ကျင်းပရေး ကော်မတီ အနေနှင့် အလုပ်သဘောအရ ပြည်နယ်အစိုးရ၏ အဆိုပြုချက်ကို တောင်းခံခြင်း ဖြစ်သော်လည်း ထိုအစီအစဉ်ကို လက်ခံရန် အလားအလာ နည်းကြောင်း သိရသည်။

“ကျနော့်အမြင်တော့ (သူတို့) မဝင်သင့်ဘူး။ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ခုလိုကာလမှာ အများဆန္ဒ မပါဘဲ လုံးဝ မဝင်သင့်ဘူး” ဟု နိုင်တင်အောင် က ပြောသည်။

ကျင်းပရေး ကော်မတီ ဆက်ဆံရေး တာဝန်ခံ ဒေါက်တာမင်းစိုးလင်း ကလည်း “ကျင်းပရေး ကော်မတီ (ဗဟို) စဖွဲ့ ကတည်းက သူတို့ဆီ စာတင်တာပဲ။ အခုမှ လုပ်ပြီးသား အလုပ်ကို အပေါ်ကနေ ထိန်းချုပ်မယ်၊ ဦးစီးမယ် ဒီလိုဖြစ် လာတဲ့ အခါကျတော့ ကျနော်တို့အတွက် အခက်ကြုံရတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို ကျင်းပနိုင်ရန်အတွက် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ကရွေးချယ်ခဲ့ပြီး ဖြစ်သည်။

အမျိုးသားနေ့ ကျင်းပရာ သက်တမ်းတလျှောက်တွင် အစိုးရ အဆက်ဆက်၏ ခြိမ်းခြောက်ခံလျက် ကျင်းပလာခဲ့ရာမှ ယခုအစိုးရသစ် လက်ထက်တွင်မှ လွတ်လပ်စွာ ကျင်းပလာနိုင်ခဲ့သည်။

ယခင် နအဖ အစိုးရ လက်ထက် ၁၉၉၈ မှစ၍ မွန်အမျိုးသားနေ့ကို မွန်ပြည်နယ် အတွင်းတွင်သာ ကျင်းပရမည်ဟု ကန့်သတ်ထား ခြင်းကြောင့် ရန်ကုန်မြို့တွင် မကျင်းပနိုင်ခဲ့ဘဲ ယမန်နှစ်မှ စ၍ ပြန်လည် ကျင်းပနိုင်ခဲ့သည်။

မွန်အမျိုးသားနေ့ကို လွတ်လပ်ရေးရစ ၁၉၄၈ ခုနှစ်တွင်ပင် စတင် ကျင်းပခဲ့ပြီး ယခင်က မိမိဒေသအလိုက် ကျင်းပ လာခဲ့ရာမှာ ရွှေရတု သဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ဗဟိုကို ဖွဲ့စည်းခဲ့သည်။

ဗဟိုအဆင့်ကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို နှစ်စဉ် နေရာဒေသ ပြောင်းရွှေ့ကာ ကျင်းပခဲ့သည်။ (၆၅) ကြိမ်မြောက် ဗဟိုအခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာတွင်လည်းကောင်း၊ (၆၄) ကြိမ်မြောက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် လည်းကောင်း၊ (၆၃) ကြိမ်မြောက်ကို ချောင်းဆုံတွင် လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်က မုဒုံတွင်လည်းကောင်း ရွှေ့ပြောင်း ကျင်းပခဲ့သည်။

သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့