Wednesday, January 9, 2013

ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟု ပြန်လည် သတ်မှတ်ရေး တောင်းဆို

ကြယ်ပြာ
January 9, 2013

ကယားပြည်နယ်၏ မူလနာမည် ဖြစ်သော ကရင်နီပြည်နယ် အဖြစ် ပြန်လည် သုံးစွဲ ခေါ်ဝေါ်ရန် ဒေသခံများက တောင်းဆိုလျက်ရှိပြီး ယင်းသို့ ခေါ်ဝေါ်ရေး သဘောတူ ထောက်ခံ လက်မှတ်များ စုဆောင်းနေကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုကို ကယားပြည်နယ် ၈၈ မျိုးဆက် လူမှု အကျိုးပြု ကွန်ယက်က ဦးဆောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ကော်မတီထံသို့ နာမည်ပြောင်းလဲပေးရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း စာဖြင့် နှစ်ကြိမ် တင်ပြထားသည်။

“နာမည် ပြောင်းချင်တာက ပြည်နယ် ခွဲထွက်ခွင့်ရဲ့ ပထမအဆင့် မဟုတ်ပါဘူး။ လူမျိုးစု အားလုံးကို ကိုယ်စားပြုတဲ့ မူလနာမည် ပြန်ရချင်ရုံ သက်သက်ပါ။ တန်းတူညီမျှ အခွင့်အရေး ကိုတော့ လိုချင်တာပေါ့” ဟု ယင်းအဖွဲ့မှ ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။

လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းကြီး ကျောင်း၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံရေး မြန်မာပြည် အကျဉ်းသား ဟောင်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့များ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ လက်မှတ်များ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း တနေ့တည်း၌ပင် လတ်မှတ်ထိုးသူ ၈၀ ကျော် ရရှိခဲ့ကြောင်းနှင့် ယခုလ အတွင်း ကျေးရွာများသို့ ဆင်း၍ လတ်မှတ်များ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၉ (ဂ) အရ ပြည်နယ် အမည်ပြောင်းလဲလိုပါက အများပြည်သူ၏ သဘောထား ခံယူ၍ လွတ်တော်တွင် မဲခွဲ ဆုံးဖြတ်နိုင်သည်ဟု ပါရှိသည်။

ရှေးမြန်မာဘုရင်များ လက်ထက်မှ စ၍ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ် အထိ ကရင်နီပြည်နယ် အဖြစ် ရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ကယားပြည်နယ် အဖြစ်သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာ ၁၉၅၂ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းကြောင့် ဇန်န၀ါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်နေ့ အဖြစ် ရှိနေဆဲ ဖြစ်သည်။

“ပြည်နယ် နာမည်ပြောင်းခဲ့တာ ဆိုးကျိုးတွေပဲ ဖြစ်ခဲ့တယ်။ အစိုးရက ကယားပြည်နယ် ဆိုတော့ ကယားတွေပဲ အဓိကလို့ သတ်မှတ်ပြီး ခွဲခြား ဆက်ဆံတော့ လူမျိုးစုချင်း ပြဿနာတွေ ဖြစ်ခဲ့ရတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သော ကယန်း ပြည်သစ် ပါတီ တွဲဘက် အတွင်းရေးမှူး ၁ ဦးစောလွင်က ဆိုသည်။

၁၉၅၁ ခုနှစ်က ပြည်နယ် အမည်ပြောင်းရန် အစိုးရအဖွဲ့က နာမည်ပြောင်းလဲရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းခဲ့ သော်လည်း ဒေသခံများ၏ သဘောထားကို ထည့်သွင်း ကောက်ခံခဲ့ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

ကယားပြည်နယ် ၈၈ မျိုးဆက် လူမှုအကျိုးပြု ကွန်ယက်အဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးဖိုးခွားက တချို့သော ကယားတိုင်းရင်းသားများမှာ နာမည်ပြောင်းလိုက်ပါက ၎င်းတို့အား ဘေးဖယ်ခံထားရမည် ဆိုသောအမြင်ဖြင့် ကျေနပ်မှု မရှိကြသေး ကြောင်း၊ သို့ရာတွင် တခြား လူမျိုးစု ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သဘော တူညီချက်များ ရထားပြီ ဖြစ်ကြောင်း ပြောသည်။

“ကရင်နီပြည်နယ် ဆိုတာကမှ လူမျိုးစု အားလုံးကို ကိုယ်စားပြု ပေးနိုင်တာပါ။ ဒီနာမည်ရဲ့ အောက်မှာ ငြိမ်းချမ်းမှုတွေ ရှိခဲ့တယ်” ဟု ဦးဖိုးခွားက ဆိုသည်။

ကယားပြည်နယ်ဟု သတ်မှတ်ထား သော်လည်း ကယားလူမျိုးမှာ အနည်းစု ဖြစ်ကာ ကယန်းလူမျိုး အများစုနှင့် ကယန်း (ယင်းဘော်၊ ဂေခို၊ ကခေါင်း၊ ဇယိမ်း)၊ ကယော၊ ပကူး (ကရင်)၊ ယင်းတလဲ၊ ဂေဘား၊ မနူမနော၊ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဗမာ အစရှိသော တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေ ထိုင်လျက်ရှိသည့် ပြည်နယ်ဖြစ်ပြီး အစိုးရ၏ သန်းခေါင် စာရင်းအရ ကယားပြည်နယ်၏ လူဦးရေ မှာ ၃ သိန်းခွဲခန့် ရှိသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့