Tuesday, January 8, 2013

ရိုဟင်ဂျာများအတွက် အင်ဒိုနီးရှား ဒေါ်လာ ၁သန်း လှူမည်

ဇန်နဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ်

အင်ဒိုနီးရှား အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ ခံစားနေရသည့် ဆင်းရဲဒုက္ခများကို လျှော့ချရန်အတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ တသန်း ပေးလှူမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ၏ ကြေညာချက်အရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် အင်ဒိုနီးရှား နိုင်ငံ၏ မြို့တော် ဂျာကာတာ တွင် ဇန်နဝါရီလ ၄ရက်နေ့က ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံထုတ် Jakarta Globe သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် ယခု အပတ်ထဲတွင် ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“ကျနော် သွားရောက်မယ့် ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို တိုက်ရိုက်လေ့လာဖို့နဲ့ တည်ရှိနေတဲ့ ပြဿနာ တွေကို အသေးစိတ် စစ်ဆေး လေ့လာပြီးတော့ ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု Marty Natalegawa က ဆိုခဲ့ကြောင်း ထိုသတင်းစာတွင် ရေးသားထားသည်။

“အင်ဒိုနီးရှား အစိုးရအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်လေ့လာ နေပြီး ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားကိစ္စ ဆိုင်ရာ ပြဿနာကို တရားဝင် ဖြေရှင်းနိုင်ဖို့ အားပေးကူညီ ဆောင်ရွက်သွားပါမယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ကြောင်း Jakarta Globe သတင်းစာတွင် ရေးသားထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့