Friday, January 11, 2013

ယူနန် ကချင်များက စစ်ပြေးဒုက္ခသည်များအား လာရောက်အားပေး

ဖနိဒါ၊ နေမျိုး
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ခိုလှုံနေရသော စစ်ပြေးဒုက္ခသည်များ၏ ဒုက္ခအား ထပ်တူ ခံစားနေရကြောင်း ပြသသည့်အနေဖြင့် တဖက်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း နေထိုင်သော ကချင်လူမျိုး ၁,၂၀၀ ကျော်က လာရောက် အားပေး ဆန္ဒဖော်ထုတ်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှ ဘာသာရေးဆရာတဦးက ပြော
သည်။

ကြာသပတေးနေ့နံနက် ၁၀ နာရီချိန်မှစ၍ တဖက်နိုင်ငံရှိ ရင်ကျန်း၊ ရွှေလီ၊ မန်ချီ၊ ဝမ်ဒင်၊ ဆန်ချီးကွန်မြို့များမှ ကိုယ်စားလှယ် ကချင် လူကြီး၊ လူငယ်များက ကား၊ ဆိုင်ကယ်များဖြင့် လိုင်ဇာမြို့ တဖက်ကမ်းသို့ မွန်းလွဲ ၂ နာရီချိန်တွင် ရောက်ရှိလာကာ အင်အားပြသခဲ့ခြင်း ဖြစ်သည်။

“ကျနော်လူမျိုးတွေ စစ်ဘေးဒဏ်ကြောင့် ဒုက္ခအမျိုးမျိုး ကြုံတွေ့ နေရတာကို ကျနော်တို့နဲ့ အနီးစပ်ဆုံး တရုတ် အစိုးရ ကလည်း ဖြေရှင်းကူညီတာ မရှိလို့ ကျနော်တို့ ညီအစ်ကိုတွေကို အားပေးတဲ့သဘော။ စိတ်ဓါတ်မကျဖို့ လာအားပေး တာပါ။ ခုက လမ်းလျှောက်ပြ တာပဲရှိတယ်” ဟု လိုင်ဇာမြို့သို့ လာရောက် ဆန္ဒဖော်ထုတ်ပြသနေသော ဓမ္မဆရာ တဦးက ပြောသည်။

တရုတ်အစိုးရက နယ်စပ်ဖြတ်ကျော်ခွင့် မပေးသဖြင့် စကားပြောဆိုခွင့်မရဘဲ အဝေးမှသာ ကြည့်ရှုခွင့် ရခဲ့ပြီး လက်ပြ နှုတ်ဆက် ခဲ့ကြရခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်၍ စာတမ်းကိုင်ခြင်း၊ ကြွေးကြော်ခြင်းနှင့် တောင်းဆိုသည့် စာများ ပေးပို့ခြင်း မရှိသော်လည်း တရုတ်အစိုးရအဖြင့် တစုံတရာ တာဝန်ယူပေးခြင်း မရှိပါက နောက်တကြိမ်တွင် ပိုစတာများ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းများ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း လမ်းလျှောက်ချီတက်ရန် လာသော ကား ၁၀ စင်းခန့်ကို လမ်းတဝက်တွင် တရုတ်အာဏာပိုင်များဘက်မှ ပိတ်ဆို့မှုများရှိခဲ့သော်လည်း သက်ဆိုင်ရာ တရုတ်ရဲမှူးကြီးများနှင့် ညှိနှိုင်း၍ ပြန်လည် သွားခွင့်ပြုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

လိုင်ဇာဘက်ခြမ်းမှ စစ်ပြေးဒုက္ခသည်များကလည်း ကြိုဆိုကြောင်း စာတမ်းများ ရေးသား၍ ကချင် တော်လှန်ရေး သီချင်းများ သီဆို၍ နုတ်ဆက်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

“စိတ်မကောင်း ဖြစ်မိတယ်။ မခံမရပ်နိုင် ဖြစ်မိတယ်။ အဲလိုမျိုး ဆန္ဒပြလာတဲ့ ကချင်လူမျိုးတွေက တသွေးတည်း၊ တသားတည်း ကျမတို့ အတူတူပဲ။ အရမ်းလည်း တွေ့ချင်ပါတယ်။ အခုလို ဒုက္ခတွေကနေ လွတ်မြောက်ဖို့ ဝိုင်းဝန်း ဆုတောင်းပေးစေချင်တယ်” ဟု လိုင်ဇာတွင် ဒုက္ခသည်အဖြစ် တနှစ်ခန့်ကြာ ရောက်ရှိခိုလှုံနေရသည့် မဂျာအိမ် က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများမှာ အပြန်တွင် ရင်ကျန်းမြို့နယ် တရုတ်အစိုးရရုံးတွင် ထပ်မံ အင်အားပြသသည့် အစီအစဉ်များ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္စျိမ

0 comments:

အပေါ်သို့