Wednesday, January 9, 2013

မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်အစိုးရ နဲ့ ပြည်သူ့ကော်မတီတို့ ပူးပေါင်းကျင်းပမည်

2013-01-08

ယခုနှစ်ကျင်းပမယ့် မွန်အမျိုးသားနေ့ ကို မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီနဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်အစိုးရက ဦးစီးကျင်းပ မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၆၅ နှစ်မြောက် မွန်အမျိုးသားနေ့အထိ မွန်ပြည်နယ် ဒေသခံပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုကော်မတီက ဦးဆောင်ကျင်းပနေရာက ဒီနှစ်မှာ မွန်ပြည်နယ်အစိုးရနဲ့ ပူးပေါင်းကျင်းပဖို့ တာဝန်ရှိသူတွေကို ပြည်နယ်ရုံးမှာ ခေါ်ယူပြောဆိုခဲ့တယ်လို့ မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ လည်းဖြစ် မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဌ လည်းဖြစ်တဲ့ နိုင်တင်အောင် က အခုလိုပြောပါတယ်။

"မနေ့ကပါ သူတို့က ကျနော်တို့နဲ့ပူးပေါင်းကျင်းပဖို့ပေါ့လေ၊ ကျနော်တို့ခေါ်တော့ ကျနော်တို့ လူချင်းသွားတွေ့ပါတယ်၊ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးနဲ့ ၁ဝ နာရီမှာ ကျနော်တို့ ကိုယ်စားလှယ် ငါးယောက်သွားတွေ့တယ်၊ ကျနော်နဲ့ အတွင်းရေးမှူးပါတယ်၊ နောက် ဒုဥက္ကဌ သုံးယောက် ငါးယောက်ပေါ့၊ ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ဝန်ကြီးချူပ်နဲ့ လွတ်တော်ဥက္ကဌက နာယကနေရာမှာ တာဝန်ယူမယ်၊ နောက် ဝန်ကြီး မင်းနွယ်စိုးနဲ့ ဝန်ကြီး ဦးခင်မောင်သွင် တို့က ကျနော်တို့ အဖွဲ့ထဲမှာ ပူးပေါင်းဆောင်ရွက်မယ်၊ အဲ့လို ဆွေးနွေးပါတယ်၊ ကျနော်တို့အဖွဲ့က ဗဟိုကော်မတီကတော့ ကျနော်တို့ပဲပေါ့၊ ဒါပေမယ့် သူတို့က ဦးစီးပြီး လုပ်ချင်တယ်"

မွန်အမျိုးသားနေ့ကို အရင်နှစ်တွေက မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ အဓိက ကျင်းပလာခဲ့ပေမယ့် ပြီးခဲ့တဲ့ သုံးနှစ်ခန့်ကစပြီး မွန်လူမျိုးအများစုနေထိုင်တဲ့ မြို့နယ်တိုင်းမှာ ကျင်းပလာတာဖြစ်ပါတယ်။

တစ်နှစ်တစ်ကြိမ် မြို့နယ်အလိုက် ဒေသခံပြည်သူတွေ ရွေးချယ်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေထဲက ဗဟိုကော်မတီ ၃ဝခန့်နဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကို ကျင်းပနေတာကြောင့် ယခုနှစ်အတွက် ပြည်နယ်အစိုးရကနေ တရားဝင်စာထုတ်ပြန်ပေးဖို့ တိုက် တွန်းထားတယ်လို့ နိုင်တင်အောင် က ဆက်ပြောပါတယ်။

ပြီးခဲ့သလောက် ၆၅နှစ်ရှိပြီးပြီ မွန်အမျိုးသားနေ့ ကျင်းပခဲ့တာ၊ ဒီပြည်နယ်အစိုးရတို့ ဟိုစစ်အစိုးရခေတ်တုန်းကလည်း ဘာမှလည်း တစ်ခါမှလည်း ပူးပေါင်းဆောင်ရွက်တာ မရှိခဲ့ဘူးလေ၊ ဒီနှစ်မှ ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောလာတာ၊ ကျနော် တို့ကလည်း ဒီမွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီကို တင်ပေးမယ်၊ ကျနော်တို့ စာထုတ်ပေးပါလို့ ဒီလောက်တော့ ပြောထား တယ်လေ၊ အဲ့စာရပြီးရင်တော့ ကျနော်တို့ မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီကို တင်ပြပေးမယ်လေ၊ ပြည်နယ်အစိုးရလုပ် တာကတော့ ကျနော်တို့ ဘာမှတော့ မဆွေးနွေးလိုဘူး၊

လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှာကျရောက်မည့် ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကိုတော့ မွန်အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီအနေနဲ့ ပေါင်မြို့နယ်မှာ အဓိကထားကျင်းပသွားဖို့ စီစဉ်ထားတယ်လို့လည်း သိ ရပါတယ်။ မွန်အမျိုးသားနေ့ကို ၁၉ ၄၇ ခုနှစ်ကစလို့ စတင်ကျင်းပလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့