Tuesday, January 8, 2013

မြေမြှုပ်ထားသည့် ဗြိတိသျှတိုက်လေယာဉ်များ ရှာဖွေမည့်အဖွဲ့ ရောက်ပြီ

ဇန်နဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ်

ဗြိတိသျှလူမျိုး လေယဉ်မြတ်နိုးသူ တဦးနှင့်အဖွဲ့သည် ဒုတိယကမ္ဘာစစ်ပြီးစကာလများက မြန်မာနိုင်ငံတွင်မြှုပ်နှံထားခဲ့ သည်ဟု ယုံကြည်ရ သော စပစ်ဖိုင်းယားလေယဉ် ၃၆ စင်းကို ပြန်လည်ရှာဖွေ တူးဖော်ရန်အတွက် တနင်္ဂနွေနေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာ ကြသည်။

အဆိုပါ စပစ်ဖိုင်းယား လေယဉ်များကို အလုံပိတ်သေတ္တာကြီးများအတွင်း ထည့်ကာ မင်္ဂလာဒုံလေဆိပ်အနီး မြေအနက် ၁၀ မီတာတွင် မြှုပ်နှံထားခဲ့သည်ဟုယုံကြည်ကြောင်း အဆိုပါ အဖွဲ့ဝင် ၂၁ ဦးပါ အဖွဲ့ကပြောသည်ဟု ဆိုသည်။

ထိုလေဆိပ်သည် ယခုအခါ ရန်ကုန်နိုင်ငံတကာ လေဆိပ်အဖြစ်ရှိနေပြီး ယခင်က ဗြိတိသျှလေတပ်ဖွဲ့၏ အခြေစိုက် စခန်းအဖြစ် အသုံးပြုခဲ့သည်။ အခြားမြန်မာနိုင်ငံအတွင်း နှစ်နေရာတွင်လည်း အဆိုပါလေယဉ်များကို မြှုပ်နှံထားခဲ့ သည်ဟုလည်း ဆိုသည်။

"ဒီလေယဉ်တွေကို အကောင်းဆုံးအနေအထားနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အဖွဲ့ခေါင်းဆောင် ဒေးဗစ်ကန်ဒဲလ် (David Cundall) က ခရီးရောက်မဆိုက် ပြောကြားသည်ဟု အေပီ သတင်းတွင် ရေးသားထားသည်။

ဘီဘီစီသတင်းဌာန၏ အဆိုအရ ကမ္ဘာတွင် ပျံသန်းနိုင်သည့် အခြေအနေတွင်ရှိသည့် စပစ်ဖိုင်းယား လေယဉ်ပေါင်း ၅၅ စင်းမျှရှိနေပြီး စုစုပေါင်း အစင်း နှစ်သောင်းမျှ တည်ဆောက်ခဲ့သည်ဟုဆိုသည်။

"စပစ်ဖိုင်းယား လေယဉ်တစင်းကို တူးဖော်တွေ့ရှိလိုက်တာဟာ ၁၉၂၂ ခုနှစ်က အီဂျစ်ဖာရို ဘုရင်တူတန်ခန်မင် (Pharaoh Tutankhamen) ရဲ့ အုတ်ဂူကို ရှာဖွေ တွေ့ရှိတာနဲ့ အတူတူပါပဲ" ဟု ကန်ဒဲလ် က အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။

ရှာဖွေတွေ့ရှိသမျှ လေယဉ်တွေရဲ့ ၃၀% ကို ကန်ဒဲလ်က ရရှိမှာဖြစ်ပြီး သူ့အဖွဲ့ဝင်တွေက ၂၀% နဲ့ ကျန် ၅၀% ကိုတော့ မြန်မာနိုင်ငံက ရရှိမည်ဖြစ်သည်။

စပစ်ဖိုင်းယား လေယဉ်များသည် ဗြိတိန်နိုင်ငံ၏ အကောင်းဆုံးတိုက်လေယဉ်များဖြစ်ပြီး ၁၉၄၀ ဗြိတိန်လေကြောင်းစစ်ပွဲ (Battle of Britain) ကာလကအလွန်ထင် ရှားခဲ့သောလေယဉ်များဖြစ်သည်။ အလွန်မြန်သော တယောက်စီး စပစ်ဖိုင်းယား တိုက်လေယဉ်များသည် ထိုစစ်ပွဲ အတွင်း ဂျာမန်ဗုံးကြဲလေယဉ်များအပေါ် တသုတ်ပြီးတသုတ် ထိုးဆင်း တိုက်ခိုက်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့