Thursday, January 5, 2012

ထားဝယ် စီမံကိန်းကိစ္စ KNU နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့ တွေ့ဆုံ

ကိုဝိုင်း
ဇန်နဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ်

ထားဝယ်ဒေသ ဖွံဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ ITD က ကရင်အမျိုးသား အစည်းအရုံး KNU ကို ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း တွေ့ဆုံမှု တွင် ပါဝင်ခဲ့သူ KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဂွယ်ထူးဝင်းက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ပြုလုပ်ခဲ့သည့် ယင်းရှင်းလင်းပွဲတွင် KNU (ဗဟို) Mega Project Research Committee ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူး ပဒိုဒါးဒိုမူး၊ အဖွဲ့ဝင် ပဒိုစောဒေးဗစ်ထောတို့ တက်ရောက် ခဲ့သည်။ ပဒိုစောဂွယ်ထူးဝင်းမှာ နယ်မြေတာဝန်ခံတဦး အနေဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ITD ဒုဥက္ကဋ္ဌ အနန် အမရာပလ Anan Amarapala နှင့် အတူ ချူလာလောင်ကွန်း တက္ကသိုလ်မှ စီမံကိန်းဆိုင်ရာ
လေ့လာ စမ်းစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်များက ရှင်းပြခဲ့သည်။

“သူတို့ ကုမ္ပဏီရဲ့ လုပ်ငန်း အစီအစဉ်တွေ ရှင်းပြတာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပျက်စီးမှုတွေ Impact Assessment တွေ သူတို့ ဘယ်လိုလုပ်ထားလဲ၊ Social Impact Assessment တွေ၊ ဘယ်လို လျော်ကြေး
ပေးမလဲ ရှင်းပြတာပါ” ဟု ပဒိုစောဂွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ITD ကုမ္ပဏီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင် များဖြင့် ၂ဝ၁ဝ ခုက လေ့လာစမ်းစစ်ထားသည့် အချက်အလက်များကို အခြေခံ၍ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မည် ဖြစ်သော် လည်း ကုမ္ပဏီ၏ အစီအစဉ်အတိုင်း ဆောင်ရွက်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်မည်ဟု ရှင်းပြသွားသည်ဟု ဆိုသည်။

ဒေသခံများနှင့် အခွင့်အရေး လှုပ်ရှားသူများက စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်မှု၊ နေရာပြောင်းရွှေ့ရမှုများအတွက် စောဒကတက်မှုများကြောင့် ရှင်းလင်းရန် KNU က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းပါ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့် ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရေးကို KNU က ပိတ်ပင်ထား သည်မှာ ၃ လကျော်ပြီ ဖြစ်သည်။ ITD ကုမ္ပဏီက ပြန်ဖွင့်ပေးစေလိုပြီး စီမံကိန်းတခုလုံး လုံခြုံရေး အတွက်ပါ တာဝန်ယူပေးစေလိုနေသည်။

“စစ်မတိုက်တော့ဘူးဆိုရင်တော့ လုံခြုံရေးက ဘယ်သူမှယူစရာ မလိုပါဘူး။ မိတ်ဆွေနှစ်ဦးက (အစိုးရနှင့်ကေအန်ယူ) လက်ဆွဲ နှုတ်မဆက်သမျှတော့ ဘယ်လိုတာဝန်ယူရမလဲ” ဟု ပဒိုဂွယ်ထူးဝင်းက ပြောသည်။

ITD ကုမ္ပဏီဘက်ကမူ ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးကြောင်း၊ ရွှေ့ပြောင်းပေးရမည့် ဒေသခံများ အတွက် အစားထိုး ဆောက်ပေးမည့် အငယ်စား၊ အလတ်စား၊ အကြီးစား အိမ်ပုံစံများ လည်း နမူနာပုံစံ ပြသခဲ့ သည်ဟု စောဂွယ်ထူးဝင်းက ဆိုသည်။

ဒေသခံများကမူ ပြောင်းရွှေ့ရမည့် ၂၁ ရွာအတွက် ပြန်လည် နေရာချထားပေးမည့် နေရာသစ် လေးခုမှ ‘ဘွာရွာ’ ၌ တလုံးလျှင် သိန်း ၁၅၀ တန် အိမ်အလုံး တထောင်ကျော် ဦးစားပေး စတင်ရန် ကုမ္ပဏီက လျာထားကြောင်း မဇ္ဈိမကို ပြောသည်။ ဥယျာဉ်ခြံ မြေ ဧက တသိန်းကျော်အတွက် လျော်ကြေးငွေမှာလည်း ကာလတန်ဘိုးထက် သုံးဆခန့် နည်းနေကြောင်း ဆိုသည်။

KNU ကမူ ဒေသခံများထံမှ လေ့လာစုံစမ်းမှုများ ပြုလုပ်ပြီး အစည်းအဝေး ပြန်ထိုင်၍ ဆုံးဖြတ်ချက်ချမည်ဟု
ပြန်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ တန်ဘိုးရှိ စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခု မေလ ၁၉ ရက်နေ့က စင်္ကာပူ နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နို့ပဒွန် ပတ်တမ Noppadon Pattama နှင့် ယခင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ စတင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအတွင်း စက်မှုဇုံ၊ မြို့ပြတည်ဆောက်ရေး၊ ရေနက်ဆိပ်ကမ်း၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင် စက်ရုံ၊ စတီးစက်ရုံ၊ ဓာတုလောင်ဆာစက်ရုံ၊ ရေနံသန့်စင် စက်ရုံ၊ သဘောင်္ တည်ဆောက်ရေးနှင့် ပြုပြင်ရေး၊ မီးရထားလမ်း၊ ကားလမ်း၊ ရေနံနှင့် သဘာဝ ပိုက်လိုင်းများ ပါဝင်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့