Friday, January 6, 2012

တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်လမ်း ပိတ်ထားရ

ဖနိဒါ
ဇန်နဝါရီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှစ၍ ပိတ်လိုက် ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် စစ်ကိုင်း၊ ပြည် (အင်းမ)၊ မကွေးမြို့များတွင် အခြေစိုက်သည့် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ခန့်နှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ KIA ရင်း ၆ နယ်မြေဘက် အစိုးရတပ်တွေ ထိုးစစ်တင်လာလို့ လမ်းပိတ်လိုက်တာ။ တိုက်ပွဲဖြစ်လာရင် ပြည်သူ တွေ မထိအောင်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်တာပါ” ဟု တပ်မဟာ ၂ ဌာနချုပ်မှ KIA အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှစ၍ ကြာသပတေး နေ့ထိ တံတားညီနောင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကားတွေကိုတော့ မသွားခိုင်းတော့ဘူး။ အစိုးရဘက်က ထိုးစစ်ဆင်မှု၊ လှုပ်ရှားတဲ့အခြေအနေကို ကြည့်ပြီး ပြန်ဖွင့် သင့်ရင် ဖွင့် မယ်။ အစိုးရ စစ်ကြောင်းတွေက ကားလမ်းအတိုင်းမသွားဘဲ တောလမ်းလို ထိုးဝင်လာတာ ရှိတယ်ဆိုတော့ သူတို့ လှုပ်ရှားမှု ပေါ်မူတည်မယ်”ဟု အဆိုပါအရာရှိက ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ထိုးစစ်မဆင်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ညွန်ကြားထား ပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေသည်။

ဗုဒ္ဓဟူးနေ့ကလည်း KIO ၏ တပ်မဟာ ၃ နယ်မြေ ရှေ့တန်း စခန်းတခုဖြစ်သော ယောရုံစခန်းအား အစိုးရဘက်မှ ၁၀၅ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာပေးလိုက်ရ သည်ဟု ပြောရေးဆို ခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“၁၀ ရက်လောက်ရှိပြီ အစိုးရဘက်က ထိုးစစ်ဆင်နေတာ။ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ အရမ်းပစ်လာ လို့ မခံနိုင် တော့လို့ ဆုတ်လိုက်တာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို အလကား အဆုံးရှုံးမခံနိုင်ဘူး။ အသက် အန္တရာယ် ရှိလာလို့ ဆုတ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ယော်ရုံစခန်းမှာ အစိုးရ၏ ဇင်လွမ်တပ်စခန်းနှင့် လွယ်ဂျယ်စခန်းကို ဆက်သွယ်ရန် အဓိကကျသည့် စခန်းဖြစ်ပြီး ၂ဝ၁၁ ဇူလိုင် လပိုင်းက KIO ဘက်မှ သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

အလားတူ ယခုရက်ပိုင်းလည်း မြစ်ကြီးနား-ဗန်မော်ကားလမ်းပေါ်ရှိ ဂျာပူတပ်စခန်းတခုကိုလည်း KIO က ဆုတ်ခွာ ပေးလိုက်ရ သည်ဟု ဦးလနန်က ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် KIO ဘက်မှ ကိုယ်စားလှယ် ၆ ဦးပါ အဖွဲ့ကို ရွေးချယ်ထား ပြီး ဖြစ်ကြောင်းနှင့် ယခုလလယ်တွင် နှစ်ဘက် ပြန်လည် တွေ့ဆုံဖွယ်ရှိသည်ဟု KIO သတင်း ရပ်ကွက်မှ သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့