Tuesday, January 3, 2012

သယံဇာတ မျှမျှတတ​ ခံစားလိုကြောင်း ရခိုင်အမတ်များ လူထုရှေ့တွင် ပြောဆို

January 2, 2012

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ တာဝန်ရှိသူတွေဟာ လူထုတွေ့ဆုံပွဲ တခုကို ကျောက်ဖြူမြို့မှာ မနေ့က ကျင်းပပြီး ရခိုင် ဒေသထွက် ရေနံသဘာဝဓာတ်ငွေ့​​တွေကနေ ရခိုင်ပြည်သားတွေလည်း အကျိုးအမြတ်ခံစားဖို့ သင့်တဲ့အကြောင်း လူထုကို ရှင်း လင်း​ ​ဟောပြောခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောက “ကျနော်တို့ ရခိုင်ဒေသက ဖွံ့ဖြိုးမှု အင်မတန် နောက်ကျတယ်။ ကျနော်တို့က လုံးဝကို အပစ်ပယ်ခံထားရတဲ့​ ​ဒေသကြီးတခုလို ဖြစ်နေတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ ဘက် ပေါင်းစုံကနေ နိမ့်ကျနေတယ်။ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အခြေ။ အနေအထားကို ရောက်နေတယ်။ အဲဒီကျောက်ဖြူမှာ လုပ်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို ကျနော်က ဆန့်ကျင်တာမဟုတ်ဘူး။ ရှုံ့ချတာမဟုတ်ဘူး။ တိုက်ခိုက်တာမဟုတ်ဘူး။

အစိုးရက ရေနံနဲ့သဘာဝဓာတ်ငွေ့ကို ရောင်းတာလည်း ကျနော်က ရှုံ့ချတိုက်ခိုက်တာမဟုတ်ဘူး။ အဲဒီထဲကရတဲ့ တစုံတရာ အကျိုးစီးပွားကို ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့တွေ ရောင်းပြီးတော့ ပိုက်ဆံတွေရနေပါလျက်နဲ့ ရခိုင်ပြည်မှာ မီးမလင်းဘူး၊ မီးမရဘူး။ ကျေးလက် တောရွာတွေမှာ လျှပ်စစ်မီးကို လွတ်လပ်ရေး ရပြီးကတည်းက အခုထိမမြင်ဖူးသေးဘူး။ အဲလိုဖြစ်နေတယ်။”

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့ပြည်သူ ကျနော်တို့လူမျိုးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျနော်တို့ရဲ့ အတ္တမဟုတ်ဘူး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပြည်ထောင်စု တစိတ်တဒေသဆိုတဲ့ အခွင့်အရေးကို ရယူပိုင်ခွင့် တောင်းရပါတယ်” လို့ ပြောပါ သည်။

ရခိုင်ပြည်နယ်ဟာ ကျန်တိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူဘဲ လျှပ်စစ်မီတာခ နှုန်းထားတွေမြင့်မားပါတယ်။ ရန်ကုန်နဲ့ ကျန်ဒေသတွေမှာ လျှပ်စစ် ၁ယူနစ်ကို ၂၅ ကျပ် ကျသင့်နေပေမယ့် လျှပ်စစ်မီတာ ၁ ယူနစ်ကို ၅၀၀ ကျပ်ကျော် ပေးဆောင် သုံးစွဲနေရတာကြောင့် လျှပ်စစ်မီတာ မသုံးနိုင်ကြဘဲ ဖွံ့ဖြိုးရေးလည်း နောက်ကျနေပါတယ်။

ဒါကို ရခိုင်အမတ်တွေက လွှတ်တော်မှာ တင်ပြပေမယ့် တာဝန်ရှိသူတွေက ဗဟိုဓာတ်အားလိုင်းမရှိလို့ မပေးနိုင်တာပါလို့သာ ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

ကျောက်ဖြူမြို့အလယ်ပိုင်းရပ်ကွက် နာရီစင်ကွင်းမှာ ကော်မရှင် ခွင့်ပြုချက်အရ ဇန်န၀ါရီ ၁ ရက်နေ့ ညနေပိုင်းပြုလုပ်ခဲ့တဲ့ လူထု တွေ့ဆုံပွဲကို ဒေသခံပြည်သူ ရာပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့