Thursday, January 5, 2012

ထိုးစစ်ရပ်ရန် ညွှန်ကြားအပြီး တိုက်ပွဲ ၁၀၀ ထပ်ဖြစ်

January 4, 2012

သမ္မတ ဦးသိန်းစိန်က ကချင်ဒေသထိုးစစ်များ ရပ်ဆိုင်းရန် ယခင်လက ညွှန်ကြားခဲ့ပြီး နောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ် မတော် (KIA) လှုပ်ရှားသည့် နယ်မြေအတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီဇင်ဘာလ တလလုံးမှာ ဖြစ်တဲ့ တိုက်ပွဲတွေက အကြိမ် ၁၆၀ ကျော်ရှိတယ်၊ ဦးသိန်းစိန်ပြောတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက် ပိုင်းမှာပဲ ဖြစ်တဲ့ တိုက်ပွဲတွေက မနေ့ကအထိ ဆိုရင် အကြိမ်က ၉၀ ကျော်လောက် ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲ အရှိန်က လျော့မသွားဘူး” ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ယနေ့ ပြောပြပြသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်စခန်းတခုကို အစိုးရတပ်က ယနေ့ တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ နေတဲ့ လောယုံ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ အတွက် လုပ်တာပါ။ ဒါတွေကတော့ ထိုးစစ်ပါ သမ္မတ ဦးသိန်းစိန်က ထိုးစစ် မဆင်ဘူးဆိုတဲ့ ကိစ္စတွေက သူပြောတာကတော့ ပြောသွားတာပဲ။ ဒီမှာ ဖြစ်နေတဲ့ ဖြစ်စင်တွေကတော့ ကမ္ဘာက မသိ ကြဘူး” ဟု ဦးလနန်က ဆက်ပြောသည်။

နှစ်ဘက် ထိခိုက် ဒဏ်ရာ ရရှိမှု အခြေ အနေကို မသိရသေးဟု ဆိုသည်။

အစိုးရက ထိုဒေသတွင် ဖြစ်ပွားသည့် ရထားလမ်း မိုင်းထောင်မှုများအကြောင်း တခါတရံ ထုတ်ပြန်ကြေညာသော်လည်း ထိုးစစ် နှင့် လတ်တလော တိုက်ပွဲအခြေအနေများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဒီဇင်ဘာ ၁၈ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့က KIA နှင့် ဆက်လက် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

KIA က ဇန်န၀ါရီလအတွင်း တွေ့ဆုံ ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။

နှစ်ဘက် တွေ့ဆုံမည့် နေရာကို မသိရသေးသော်လည်း နိုဝင်ဘာလ၂၉ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့ကြသည့် နေရာမှာ တရုတ်နိုင်ငံ ရွှေလီမြို့ ဖြစ်သည်။

ယခုလအတွင်း တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု အပါအ၀င် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပါဝင်ဖွယ်ရှိသည်ဟု သိရသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီး အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့ သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ခြင်းဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့