Wednesday, January 4, 2012

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း ကေအိုင်အို ပြော

January 3, 2012

အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ရဲ့ တောက်လျှောက် တောင်းဆိုချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူ လိုက်ပြီ ဖြစ်တဲ့အတွက် ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ကေအိုင်အိုက ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ဆွေးနွေးရေး ဗဟိုကော်မတီအဖွဲ့ ဖွဲ့စည်းပြီး အစိုးရနဲ့ ဆွေးနွေးဖို့ အသင့်ရှိပြီလို့ ကေအိုင် အိုပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းက​ ​ငြိမ်းချမ်းရေး​ ​ဖော်ဆောင်ရေးအဖွဲ့က ​ကေအိုင်အိုကို ပေးပို့တဲ့စာအရ နှစ်ဘက်နိုင်ငံရေး ဆွေးနွေး နိုင်ဖို့ ရက်ကန့်သတ်ဖို့ပဲ လိုတယ်လို့ ကေအိုင်အို ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ပြောပါတယ်။

“ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့။ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် သီးသန့်အဖွဲ့တခု ဖွဲ့စည်းထား ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကနေ ကျနော်တို့ ကေအိုင်အို အဖွဲ့ကို စာနဲ့ ပေးပို့လာတာရှိတယ်။ သူပေးပို့လာတဲ့ စာထဲမှာ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်သွားရန်ဆိုတဲ့ စာသားလေးတခု ပါလာခဲ့ တယ်။ ဒါကြောင့်မို့ ဒီစာသားက ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းတွေ အကြိမ်ကြိမ် အခါခါပြောဆိုခဲ့တဲ့ စာသားဖြစ်တဲ့အတွက် အဲဒါကို လက်ခံတယ်။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ လုပ်ရအောင်ဆိုပြီး ကမ်းလှမ်းလာပြီဖြစ် တဲ့ အတွက် ကျနော်တို့ ကေအိုင်အိုကလည်း အဲဒီအချက်ကို ကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ဘက်ကလည်း ပြန်လည်တွေ့ဆုံဖို့ အဆင် သင့်လုပ်နေကြတယ်။ ရက်သတ်မှတ်ပြီးပြီ ဆိုရင်တော့ တွေ့ဖို့ အဆင်သင့်ဖြစ်နေပြီ။”

ငြိမ်းချမ်းရေး ရယူဖို့အတွက် အရင်တုန်းက အစိုးရနဲ့ ၅ ကြိမ်ခန့် အပြန်အလှန် တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရသေးပါဘူး။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် ကေအိုင်အိုဟာ တဖွဲ့ချင်းအနေနဲ့ရော ယူအန်အက်ဖ်စီအဖွဲ့ထဲကနေလည်း ဆွေးနွေးမယ့် အကြောင်းပြောဆိုပြီး အစိုးရက တိုင်းရင်းသားတွေရဲ့ လိုလားချက်အပေါ် မူတည်ဆွေးနွေးရင် ဆွေးနွေးပွဲတွေ အောင်မြင်နိုင်မယ်လို့ ဦးလနန်းက ပြောပါတယ်။

သမ္မတက တိုက်ပွဲရပ်ဖို့ ပြောထားတဲ့ကြားက ကချင်နယ်မြေတွင်း ထိုးစစ်ဆင်နေတာဟာ ပြည်တွင်းပြည်ပကို လှည့်စားရာကျပြီး ကေအိုင်အိုက ခုခံစစ် ဆင်နွှဲနေတာလို့ ဦးလနန်းက ပြောပါတယ်။

၂၀၁၂ နှစ်သစ်ထဲကို ၀င်လာပြီး နေ့စဉ်ဆိုသလို အစိုးရတပ်တွေနဲ့ ကေအိုင်အိုအကြား ကချင်ပြည်နယ် မိုးမောက်၊ ၀ိုင်းမော်၊ လွယ်ဂျယ်နဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မန်တုံ စတဲ့မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ န၀တအစိုးရနဲ့ အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မြန်မာအစိုးရက ဖိအားပေးတဲ့အတွက် ၂၀၁၁ ဇွန်လ ၉ ရက်နေ့ကစပြီးတော့ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ၄ သောင်းကျော် ရှိပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့