Tuesday, January 3, 2012

ထာဝရ တည်တံ့သည့် ငြိမ်းချမ်းရေး CNF လိုလား

ဇော်ကြီး
ဇန္န၀ါရီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ် အဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ယနေ့နံနက်က ထွက်ခွာသွားသည်။

နှစ်ဖက် ကိုယ်စားလှယ်များ ယခုလ (၅) ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး CNF အဖွဲ့ အနေဖြင့် ထာဝရ တည်တံ့သည့် ငြိမ်းချမ်း ရေးကို လိုလားကြောင်း အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က အခုလို ပြောသည်။

“ကျနော်တို့ ချင်းအမျိုးသား တပ်ဦးရဲ့ သဘောထားကတော့ ပြည်ထောင်စု တခုလုံး သေနတ်သံတွေ တိတ်ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ထာဝရ တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ လိုချင်ပါတယ်။”

ပဏာမအဆင့် တွေ့ဆုံရန် ဖြစ်ပြီး ဆွေးနွေးမည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။ သို့သော် ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့် အထိ တက်လှမ်းနိုင်ရန် ရည်ရွယ်ထားပြီး အကောင်းဆုံး အနေအထားသို့ ရောက်ရှိရန် မျော်လင့် သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျနော်တို့ အကောင်းဆုံးကိုတော့ မျော်လင့်ထားတယ်။ ကျနော်တို့ အချိန်ယူမယ်။ အဲဒီကျနော်တို့ အားလုံး မျော်လင့်ထားတဲ့ ဟာကို မရရအောင်သွားဖို့ ကျနော်တို့ သံဓိဌာန် ချထားပါတယ်။ ကျနော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ ပြေလည်မှုတွေ ရရှိတယ်ဆိုလို့ရှိရင် နောက်တဆင့်ပြီးတဆင့် တက်ပြီးတော့ နောက်ဆုံး ပြည်ထောင်စုအဆင့် ဆွေးနွေးရေးကို ဦးတည်သွားမှာ ဖြစ်ပါတယ်။”

CNF အဖွဲ့တွင် နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာ ရွှေခါးဦးဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးပါဝင်ပြီး ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင် နယ်စပ်ဒေသရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက ဦးဆောင်၍ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးအောင်သောင်းတို့ ပါဝင်မည်ဟု သတင်းရသည်။

CNF အဖွဲ့မှ နိုင်ငံခြားရေး တာဝန်ခံ ဒေါက်တာရွှေခါး ဦးဆောင်သည့် အဖွဲ့နှင့် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတို့ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။ သို့သော် ယင်းတွေ့ဆုံပွဲမှ တစုံတရာ သဘော တူညီချက် မရခဲ့ပါ။

စစ်အစိုးရ လက်ထက် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မတ်လ (၁၅) ရက်နှင့် (၁၆) ရက်နေ့များက အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ တကြိမ် တွေ့ဆုံခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။

ချင်းအမျိုးသားတပ်ဦး CNF အား ၁၉၈၈ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ချင်းတိုင်းရင်းသား လူငယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းနေ့အား ချင်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

Ref: အဲန်အဲမ်ဂျီ

0 comments:

အပေါ်သို့