Thursday, March 8, 2012

အစိုးရနဲ့ ကေအန်ပီပီ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုး

March 7, 2012
နော်နိုရင်း

မြန်မာအစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်နေတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) နဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ ဒီနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူလက်မှတ် ထိုးခဲ့ကြပါတယ်။

ဒီသဘောတူလက်မှတ်ထိုးတဲ့ အထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးနဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအရ ဆက်လက် ဆွေး နွေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီနေ့ သဘောတူ လက်မှတ်ထိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးကို မေးမြန်း ထားပါတယ်။


ဒီနေ့မှာ ကေအန်ပီပီနဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး လက်မှတ် ရေးထိုး သွားပြီလို့ သိရပါတယ်။ အဓိက အားဖြင့် ဘယ်လို အချက်မျိုးတွေနဲ့ သဘောတူလက်မှတ် ထိုးခဲ့ကြတာလဲရှင်။

“ပဏာမ သဘောတူညီချက် ၃ ချက်ပါတဲ့ဟာကို ဒီနေ့ သဘောတူ လက်မှတ် ထိုးလိုက်ပါတယ်။ မှန်ပါတယ်။ ၁ အချက်က အပစ် အခတ် ရပ်စဲ မယ်။ ၂ အချက်ကတော့ ဆက်ဆံရေး ရုံးခန်းတွေ အပြန်အလှန်ဖွင့်ပြီး ထူ ထောင်မယ်၊ ၃ အချက်ကတော့ နောက်ထပ် ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်မှာ လုပ်မလဲ။ ဘယ်အချိန် လုပ်မလဲ။ ဒါလေးကို ဆက်ပြီးတော့ သတ်မှတ်မယ်။ ပြီးတော့ တပြိုင်နက်ထဲမှာ နောက်တဆင့် အတွက် ဆွေးနွေးချင်တဲ့ အချက် ၂၀ ကို ကျနော်တို့ကို ပေးပါတယ်။ ကျနော် တို့ ယူသွား ပြီးတော့ နောက် ၁ ပတ်မှာ ဆွေးနွေးနိုင်အောင် ပြင်ဆင်မယ်ပေါ့။”

ဆက်ဆံရေးရုံး ဖွင့်မယ်ဆိုတော့ ဘယ်နေရာမှာ ဖွင့်ဖို့ပြောထားတာလဲ ရှင့်။

“လောလောဆယ်တော့ ကယားပြည်နယ်မှာ မြို့က ၇ မြို့ပဲရှိတယ်။ အဲဒီနေရာတွေမှာ အကုန်ပေးဖွင့်မှာပါ။ ကယားပြည်နယ် မြေပုံပေါ်မှာ ကြည့်ရင် သိမှာပဲ။”

ဒီရုံးတွေကို ဘယ်တော့စပြီး ဖွင့်မှာလဲရှင့်။

“သူတို့ အမြန်ဆုံးလုပ်မယ်လို့ ပြောပါတယ်။ သူတို့ပေါ်မှာ မူတည်ပါတယ်။ ဟိုဘက်ကိုလည်း မေးကြည့်ပါလေ။”

ဒီနေ့ ဆွေးနွေးပြီးတော့ ဆက် ဆွေးနွေးဖို့က ဘယ်တော့လဲ ပြောပြ ပေးနိုင်မလား။

“အဲဒါတွေက ပြန်ညှိပါမယ်။ အမြန်ဆုံး လုပ်ဖြစ်မှာပါ။”

ဘယ်လိုပဲဖြစ်ဖြစ် ဆရာတို့အနေနဲ့လည်း တခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီးတော့ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးပြီ ဆိုတော့ အခုဆက်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ကော ဘယ်တော့ လုပ်ဖို့ ရှိလဲရှင့်။

“တကယ်အဖွဲ့ကြီးလို့ ပြောလို့ရတဲ့ အဖွဲ့တွေကတော့ မြောက်ပိုင်းက တဖွဲ့ကလွဲရင် ကျန်တာအားလုံးကတော့ ပဏာမ အပစ်အခတ် ရပ်ပြီးပြီ။ ကျနော်တို့လည်း ရချင်တဲ့ အတွက်ကြောင့် ကျနော်တို့ လက်ရှိဝန်ကြီးဌာန အလုပ် တွေအပြင် ဒါတွေကို ကြိုးစားပမ်းစား လုပ်နေတာပါ။ ရပါစေလို့လည်း ဆုတောင်းပါတယ်။ သေချာတာကတော့ ဒီနေ့ ထိုးပြီးတာနဲ့ဆိုရင် အဖွဲ့ကြီး တွေထဲက အာစီအက်စ် အက်စ် ပေါ့၊ နောက်တခါ အက်စ်အက်စ်အေ၊ မွန်၊ ကေအန်ယူ၊ အခု ကေအန်ပီပီ ပြီးပြီ။ ဆိုတော့ မြောက်ဖျားက အဖွဲ့ တဖွဲ့ လောက်ပဲ ကျန်တဲ့သဘော ဖြစ်ပါတယ်။ ဒါလည်း ကြိုးစားနေတုန်းပါပဲ။”

ကချင်နဲ့လည်း ထပ်တွေ့ဖို့ရှိတယ် ဆိုတော့ ဘယ်တော့ တွေ့ဖို့ရှိလဲရှင့်။

“ဒါကိုတော့ အတိအကျ ပြောလို့မရဘူး။ နှစ်ဖက်ပေါ်မှာပဲ မူတည်တယ်။ တဖက်ထဲလည်း လုပ်လို့မရဘူး။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့