Tuesday, March 6, 2012

KIO နှင့် အစိုးရ မတ်လ ၈ ရက်နေ့ ထပ်တွေ့မည်

ဖနိဒါ
မတ်လ ၀၅ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ မတ်လ ၈ ရက်နေ့ ကြာသပတေးနေ့၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KIO ထံမှ သိရသည်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးဖို့ပဲ။ သူတို့ဘက်က ဘယ်လောက်အတိုင်းအတာ လက်ခံမလဲ။ အဓိကတော့ အရင်တခါ တောင်းဆိုထား တဲ့အချက်ကိုပဲ ဆွေးနွေးမှာပဲ” ဟု အမည်မဖော်လိုသည့် KIO အကြီးတန်းအရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် တွေ့ဆုံခဲ့ သည့် KIO ဘက်မှ ကိုယ်စားလှယ်များဖြစ်သော ပညာရေးဌာနမှ တာဝန်ခံ ဦးဆွမ်းလွတ်ဂမ်၊ ဗဟိုကော်မတီဝင် ဦးလဖိုင်လ၊ ဆက်ဆံ ရေးရုံး တာဝန်ခံ ဦးဂျီးနောင်၊ ဦးလဂျောင် ခေါန်လွမ်း၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး ဇော်တောင်တို့က အစိုးရနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေး ကြမည် ဖြစ်သည်။

KIO ဘက်က ၁၉၉၄ ခုနှစ်ကပင် အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ အပစ်ရပ်ရေးကိုသာ မဆွေးနွေးလိုဘဲ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန်သာ တောင်းဆိုနေသဖြင့် နှစ်ဘက် သဘောထား ကွဲလွဲနေသည်ဟု KIOက ဆိုသည်။

သမ္မတဦးသိန်းစိန်၏ လတ်တလောမိန့်ခွန်းတွင် ‘ပင်လုံစိတ်ဓါတ်’ ဟူသော စကားလုံးကိုသုံးထားပြီး လွှတ်တော်တွင်း နိုင်ငံရေး ဆွေးနွေးရန် ပြောထားသော်လည်း KIO က ယင်းအချက်ကို လက်မခံနိုင်ကြောင်းပြောသည်။

“သူတို့ပြောတဲ့ ပင်လုံဆိုပေမယ့် လွတ်တော်ထဲကနေ ဆွေးနွေးရအောင် ဆိုတာပဲ။ ကျနော်တို့က ရွေးကောက်ပွဲ ဝင်တာမှ မဟုတ်တာ။ ဒါကြောင့် လွှတ်တော်ရဲ့ အပြင်ဖက်ကနေပဲ ဆွေးနွေးမယ်ဆိုတော့ ကွဲလွဲနေတာပေါ့”ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်နဝါရီလ ၁၈၊ ၁၉ ရက်နေ့များက ထာဝရ တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရန် နှင့် ပင်လုံ ကတိကဝတ် ပြုခဲ့ကြသည့် အမျိုးသားရေးတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီး ရေးကို KIO ဘက်က တင်ပြရာတွင် “ပင်လုံကတိကဝတ်”ဟူသော အသုံးအနှုန်းကို အစိုးရကိုယ်စားလှယ်ဖက်မှ သဘောမတူခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံ တရပ် ကျင်းပရန်နှင့် တိုင်းရင်းသား ပြည်သူများ ဘုံသဘောတူညီထားသည့်အချက်များကို အတည်ပြုမှတ်တမ်းတင်ရန်၊ ဖမ်းဆီးထား သူများ ရှိပါက နှစ်ဘက် ပြန်လည် လွှတ်ပေးရန်နှင့် စစ်ဘေးသင့် ကျေးရွာများအား ပြန်လည် တည်ဆောက်ပေးရန် စသည့် အချက်များကိုလည်း KIO ဘက်မှ တောင်း ဆိုထားသည်။

ဖေဖော်ဝါရီလအတွင်း တွေ့ဆုံရန် KIO ဘက်က အဆိုပြုခဲ့သော်လည်း အစိုးရဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဇော် တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုကာ နှစ်ဖက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ၎င်းက ကာကွယ်ရေးဦးစီးချုပ် သို့ အောက်ခြေ တပ်များကို ထိုးစစ်မဆင်ရန် ညွန်ကြားထားသော်လည်း KIO နှင့် အစိုးရ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ထည့်သွင်း ပြောကြားချက်မှာလည်း ရယ်ဖွယ်သာ ဖြစ်နေသည်ဟု အထက်ပါ KIO အရာရှိက ပြောသည်။

“သမ္မတက အမိန့်ပေးတာနဲ့ ဦးစီးချုပ်လည်း အောက်ခံ တပ်ရင်းတပ်မတွေကို ညွှန်ကြားတယ်။ စစ်တပ်က အမိန့်ကို အသက်သွေး ကြော လို သုံးတယ်လို့ ပြောတယ်။ အဲဒီလိုဆို သူ့တပ်တွေ ဘာကြောင့် မလိုက်နာတာလဲ။ နိုင်ငံတကာမှာ ကြားကောင်းအောင် ပြောတာပဲ။ လက်တွေ့မှာက ရီစရာပါ” ဟု ပြောသည်။

မတ်လ ၃ ရက်နေ့က မိုးညှင်းမြို့နယ် ဆင်ဘိုနှင့် ရွှေဂူအကြား ပန်ခေါန်ယန်ကျေးရွာအနီးသို့ အစိုးရ၏ စစ်ကြောင်း တပ်ရင်း ၃ ရင်း လှုပ်ရှားဝင်ရောက်လာသဖြင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO ကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပါတ်တွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေဖက်သို့ လားရှိုး၊ မူဆယ်လမ်းဘက်မှ အစိုးရစစ်ကား ၃ဝ ကျော် ဝင်ရောက်လာပြီး ရိက္ခာပစ္စည်းများ တင်ပို့မှုများ ရှိနေသည်ဟု KIO သတင်းရပ်ကွက်ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် တရုတ်-မြန်မာနယ်စပ်ရှိ ဇိုင်းအောင်နှင့် မဂါးယန်ဒုက္ခသည်စခန်းများတွင် ပြီးခဲ့သည့် အပတ်က မိုးသီးများ ရွာချမှု ကြောင့် ဟောင်းနွမ်းနေသည့် ယာယီတဲများမှာ မိုးကာများပေါက်ပြဲသွားသဖြင့် လတ်တလော အခက်အခဲများ ကြုံတွေ့နေရသည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက် အရာရှိ ဦးဒွဲပီဆားက ပြောသည်။

သို့သော် KIO ဘက်မှ အကူအညီပေးနိုင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။ လက်ရှိတွင် တိုက်ပွဲကြောင့် ထွက်ပြေး ခိုလှုံနေရသူ ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၆ဝ,ဝဝဝ (ခြောက်သောင်း) ကျော်ရှိနေပြီဟု ခန့်မှန်းထားကြ သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့