Wednesday, March 7, 2012

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဟုသိရ

07 March 2012

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားခဲ့သည်။

''မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ စာချုပ်အရ အကြမ်းဖျင်းအားဖြင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း သုံးအဖြစ် သုံးစွဲသွားမယ်။ လိုအပ်ချက် ရှိလာရင်လည်း ဒီထက်ပို သုံးသွားဖို့ ရှိပါတယ်။ ၂၀ ရာခိုင်နှုန်းကို လောလောဆယ် လျာထား တယ်။ ဥပမာ- သန်း ၅၀၀ ပို့မယ်ဆိုရင် သန်း ၁၀၀ လောက် ဖြစ်ချင်ဖြစ်မယ်။ ဒါကိုပြည်တွင်းသုံး အနေနဲ့ သုံးမယ်။ စက်ရုံ အလုပ်ရုံတွေ ကို ပေးသွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ဖို့နေရာတွေကိုလည်း သတ်မှတ်ပြီးသား ရှိပါတယ်''ဟု လည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် သဘာဝ ဓာတ်ငွေ့များ ထပ်မံ တွေ့ရှိပါက ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများတွင် လုံလောက်စွာ အသုံးပြုနိုင်ရန် အတွက် ပြည်ပသို့ ရောင်းချခြင်း မပြုတော့ကြောင်းလည်း သိရှိရသည်။


''လက်ရှိပိုက်လိုင်းကတော့ ပြည်ပကို ထုတ်ရောင်းမယ်။ တိုင်းပြည်ရဲ့အခြေအနေကြောင့် ထုတ်ရောင်းရတာပါ။ နောက်ထပ် ထပ်မံ တွေ့ရှိလာရင်တော့ ပြည်ပကို မရောင်းတော့ဘူး။ ပြည်တွင်းမှာ FDI(Foreign Direct Investment) တွေ များလာတော့မယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ၀င် လာရင် အဲဒီစက်ရုံအလုပ်ရုံတွေအတွက် လျှပ်စစ်ကို ရေအားက ပေးမလား၊ gas turbine က ပေးမလားဆိုတာ ကြည့်ရမယ်။ နောက်ပိုင်းကျရင်တော့ ပြည်တွင်းက စက်မှုလက်မှု လုပ်ငန်းရှင်တွေအတွက် သုံးစွဲသွားမှာပါ'' ဟုလည်း စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၁၃ ခုနှစ် ဇွန်လတွင် စီမံကိန်းအပြီးသတ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

Ref: Eleven

0 comments:

အပေါ်သို့