Saturday, March 10, 2012

ကေအိုင်အိုနဲ့ အစိုးရ သဘောတူညီချက် ရလုနီး

March 9, 2012
အေး​နိုင်

တရုတ်နိုင်ငံ ရွှေလီမြို့က ဆွေးနွေးပွဲ ပထမရက်မှာ ကေအိုင်အိုဘက်က တင်ပြချက်တွေ အတော်များများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က လက်ခံတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

မနေ့မွန်းလွဲပိုင်းက စတင်တဲ့ အဲဒီဆွေးနွေး ပွဲမှာ ကေအိုင်အိုရဲ့ အဆိုပြုချက် အများစုကို ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က သဘောတူညီတာ ဖြစ်ပြီး ဒီနေ့ နှစ်ဖက် ဆက်လက် ဆွေးနွေးကြပါတယ်။

ကေအိုင်အေ ဒု – စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က “တော်တော်များများ သဘောတူတယ်။ ဒါပေမယ့် တချို့ဟာတော့ အဓိပ္ပါယ် ရှင်း လင်းချက်တွေ၊ အပြီးသတ် လက်မှတ်ထိုးရေး ကိစ္စတို့ရယ်၊ နောက်ပြီးတော့ ပြဿနာဖြစ်နိုင်တဲ့ ဒေသတွေမှာ တပ်စခန်းတွေ ကိစ္စတော့ ညှိရဦးမယ်။ အခု အဲဒီကိစ္စတွေ ဆက် ဆွေးနွေးနေကြတယ်”လို့ ပြောပါတယ်။


ကေအိုင်အိုက အစိုးရထံ အပိုင်း ၃ ပိုင်း တင်ပြခဲ့ရာမှာ တဖက်နဲ့ တဖက် စွပ်စွဲ ပုတ်ခတ်တာတွေ ရှောင်ကြဉ်ဖို့၊ ပြဿနာဖြစ်နိုင်တဲ့ တပ်တွေကိစ္စကို ဆွေးနွေးပြီး ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ သည်သတင်းကို လူသိရှင်ကြား တရားဝင် ထုတ်ပြန် ပေးဖို့ရယ်။ ပင်လုံကဲ့သို့သော ညီလာခံကြီးတခု ကျင်းပပြီး အများ သဘောတူချက် တရပ်ရအောင် ဆောင်ရွက်ဖို့။ ရထားတဲ့ သဘောတူညီချက်တွေကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင် တာဝန်ရှိသူများက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အချက်တွေ ပါရှိပြီး၊ ဒီအဆိုပြုချက်တွေ တော်တော်များများကို သဘောတူညီတာ ဖြစ်ပါတယ်။

တဖက်နဲ့ တဖက် လက်မှတ်ထိုးတဲ့အခါမှာ ခိုင်ခိုင်မာမာဖြစ်ဖို့ အခြေအနေ ၃ ရပ်ကို ကေအိုင်အိုဘက်က တောင်းဆိုထားပါတယ်။ ဒီအခြေအနေ ၃ ရပ်နဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ်ဂွမ်မော်က ရှင်းပြထားပါတယ်။

“ပထမအချက်ကတော့ အဆိုပြုချက် အပေါ်မှာ နှစ်ဖက် သဘောတူရမယ်။ ဒုတိယ အချက်ကတော့ တပ်တွေ ကိစ္စကို အပြီးအပြတ် ဆောင်ရွက်ထားရမယ်။ တတိယ အချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတခုခုရဲ့ စောင့်ကြပ်မှု အောက်မှာ ကျနော်တို့က လက်မှတ် ထိုးချင်တယ် ဆိုတဲ့ အခြေအနေ ၃ ခုကို ကျနော်တို့ တင်ထားတာပါ။ ”

ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေကတော့ အပစ်အခတ်ရပ်စဲထားမှ ဆွေးနွေးရေးဖြစ်နိုင်တယ်လို့ ရပ်တည် ပြောဆိုနေဆဲ ဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးဟာ ၁၉၉၄ ခုနှစ် ကတည်းက လက်မှတ်ထိုးပြီးသား ဖြစ်ပြီး နအဖအစိုးရ မဖျက် သိမ်းခင်မှာ အပစ်အခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင် ပြောင်းခိုင်းတာတို့ လက်နက်ချခိုင်းတာတွေ ဖြစ်ခဲ့အပြီးမှာ အပစ် အခတ်ရပ် သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့