Saturday, March 10, 2012

ပြည်တွင်းသတင်းသမားနှစ်ဦးကို ရုံးတင်စစ်မယ်

March 9, 2012
အေး​နိုင်

အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းသမားကို ပထမဆုံးအကြိမ် တရားစွဲဆိုမှု အဖြစ် မော်ဒန်ဂျာနယ်က သတင်းထောက်တဦးနဲ့ အယ်ဒီတာ တဦးတို့ဟာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီလ ၂၃ ရက် နေ့မှာ စတင် စစ်ဖို့ ရုံးချိန်းထားပါတယ်။

သပိတ်ကျင်းမြို့နယ်က ကားလမ်းပျက်စီး ချွတ်ယွင်းနေတဲ့ သတင်းဆောင်းပါးကို ရေးသားဖော်ပြခဲ့တဲ့ မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ နှစ်ဦး တရားစွဲခံရတာပါ။

တရားစွဲဆိုသူက ဆောက်လုပ်ရေး ၀န်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဖြစ်ပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီလ ၆ ရက်နေ့က မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာတို့ နှစ်ဦး သပိတ်ကျင်းမြို့နယ် တရားရုံးကို သွား ရောက်ခဲ့ပြီး အာမခံယူခဲ့တယ်။

“အာမခံလုပ်ပြီးတာနဲ့ ညီမတို့ရဲ့ ရှေ့နေ ကိုယ်စားလှယ် လွှဲတယ်ပေါ့နော်။ ဒါကို လုပ်ပြီးတော့ နောက်လာရမယ့် ရုံးချိန်း တခုကို တရား သူကြီးက သတ်မှတ်ပေးလိုက် ပါတယ်။ ညှိပြီးတော့ပေါ့။ အဲဒါ ဒီလ ၂၃ ရက်နေ့ မနက် ၁၁ နာရီမှာ ပြန်ချိန်းပါတယ်။ ပုဒ်မ ၅၀၀/၁၀၉ နဲ့ နှစ်ယောက်စလုံးကတော့ ဒီတခုတည်းပဲ အကျုံးဝင်ပါတယ်။”

သူတို့နှစ်ဦးကို အသရေဖျက်မှုနဲ့ သီးခြားစီ စွဲဆိုထားတာပါ။ ဒီဆောင်းပါး အနှစ်ချုပ် ကတော့ တံတား ဖြတ်သန်းရာမှာ ၁၃ တန်ထက်ပိုတဲ့ ယာဉ်တွေ မဖြတ်ရဘဲ လမ်းလွှဲက ဖြတ်ဖို့ ဆိုင်းဘုတ်ရှိပေမယ့် ပျက်စီးချွတ်ယွင်းနေတဲ့ လမ်းလွှဲက မဖြတ်ချင်တဲ့ ကုန်ကားတွေဟာ ၁၃ တန်ထက် ပိုပေမယ့်လည်း ငွေပေးပြီး တံတားပေါ်က ဖြတ်ကြတယ်။

ဒီပိုက်ဆံဟာ မြို့နယ် အင်ဂျင်နီယာက ကောက်ခိုင်းတာလို့ ကားသမားတွေနဲ့ ငွေကောက်သူတွေကို မေးပြီး သတင်း ဆောင်းပါး ရေးထား တာ ဖြစ်ပြီး ဒီလမ်းလွှဲတွေ ပြုပြင်ဖို့ ရေးသားထားပါတယ်။

အမှုနဲ့ပတ်သက်လို့ သူတို့ရှေ့နေတွေကို မေးမြန်းကြည့်တဲ့အခါ လာမယ့် ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါ ဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ ပြန်လှန် မေးခွန်း မေးမြန်းထောက်ပြဖို့ ရှိတယ်လို့ ဖြေပါတယ်။ တရားရုံး မတက်ခင် အသေးစိတ် မဖြေ နိုင်ပါဘူးလို့ ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့