Wednesday, March 7, 2012

ပအိုဝ်းအမျိုးသားနေ့အခမ်းအနား ပြည်တွင်းပြည်ပကျင်းပ

March 6, 2012
နန်းမြနဒီ

ပအိုဝ်းအမျိုးသားပွဲတော်အဖြစ်သာ ကျင်းပခွင့်ရတဲ့ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို တောင်ကြီးမြို့ မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နေပါတယ်။

တောင်ကြီးမြို့က ပွဲကို ဦးစီးကျင်းပတဲ့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းက အတွင်းရေးမှူး ဦးခွန် မောင်မောင်စိုးက

“အဓိက ရက်ကတော့ မတ် ၅ ၊ ၆ နဲ့ ၇ရက် ပေါ့။ တောင်ကြီးက ကန်ကြီးစု ရပ်ကွက်မှာ ပအိုဝ်းပွဲတော်ကွင်း၊ ဒဲန်ဆီးဗွေကွင်း လို့ခေါ် ပါတယ်။ အကပဒေသာ၊ သီချင်း၊ ရိုးရာ၊ တူရိယာ ပြိုင်ပွဲတွေရှိတယ်။ ပြခန်း ၉ ခုရှိတယ်။ စာပေနဲ့ ယဉ်ကျေး မှုပြခန်းတို့၊ ကျန်းမာရေး ပြခန်း၊ ပညာရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ စိုက်ပျိုးရေး ပြခန်းလည်း ပါတယ်။”


တောင်ကြီးမြို့က ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ၁၉၈၂ ခုနှစ်ကနေ စတင် ကျင်းပလာခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပအိုဝ်း အမျိုးသားနေ့ အနေနဲ့ ကျင်းပခွင့်မပြုဘဲ ပအိုဝ်းအမျိုးသားပွဲတော်အနေနဲ့သာ ကျင်းပခွင့်ပြုခဲ့တယ်လို့ ပြည်ပရောက် ပအိုဝ်းလူငယ် အဖွဲ့ခေါင်းဆောင် ခွန်ချန်ကီ က ရှင်းပြပါတယ်။

မလေးရှား စင်္ကာပူနဲ့ ထိုင်းနိုင်ငံမှာလည်း ပအိုဝ်းအမျိုးသားနေ့ ကို ကျင်းပနေ ကြတယ်လို့  သိရပါတယ်။

ပအိုဝ်းအမျိုးသားနေ့ကို ၁၉၄၇ ခုနှစ် က မွန်ပြည်နယ် သထုံမြို့မှာ ပထမဆုံး ကျင်းပခဲ့ပါတယ်။ ဖဆပလ အစိုးရက သိမ်းထားတဲ့ သထုံဘက်က ပအိုဝ်းဒေသခံပိုင် မြေယာတွေ ပြန်လည်ရရှိရေး၊ ပအိုဝ်းလူမျိုးကို တောင်သူလို့ မခေါ်ဖို့ မြန်မာ့ တပ်မတော် ထဲမှာ ပအိုဝ်းတပ်ဖွဲ့ ၂ ဖွဲ့ ထားရှိရေး တောင်းဆိုခဲ့ရာက ဇာတိသွေး ဇာတိမာန် အမြဲ ရှင်သန်အောင် ရည်ရွယ်ပြီး ပအိုဝ်းအမျိုးသားနေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ရှေးခေတ် သုဝဏ်ဏဘူမိ သထုံပြည်ရဲ့ ဘုရင် တပါးဖြစ်သူ သူရိယစန္ဒာ-ပအိုဝ်းမင်းရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်း လ ပြည့်နေ့ကို ပအိုဝ်း အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ ခွန်ချန်ကီက ရှင်းပြ ပါတယ်။

သုဝဏ်ဏဘူမိ အဆက်အနွယ်လို့ ယုံကြည်ထားကြတဲ့ ပအိုဝ်း လူမျိုး များဟာ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရှမ်း ပြည်နယ် တောင်ကြီး ခရိုင် ထဲမှာ အများဆုံး နေထိုင်ကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့