Wednesday, March 7, 2012

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများ မှတ်ပုံတင်ပြီးပါက ပြည်ထောင်စု တိုင်းရင်းသားများအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်မည်

07 March 2012

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ မှတ်ပုံတင်ပြီးပါက ပြည်ထောင်စု တိုင်းရင်းသား များ အဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုချိန်မှာတော့ ကျွန်တော်တို့တွေ မှတ်ပုံမတင်ရသေးတော့ တရားဝင် မဖြစ်သေးဘူး။ တရားဝင် ဖြစ်ပြီဆိုရင်တော့ အဖွဲ့ချုပ်ပုံစံမျိုး ဖွဲ့စည်းသွားမှာပါ။ ၁၉၈၈ ခုနှစ်က တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD) ပုံစံမျိုးနဲ့ သွားဖို့ ရှိပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့က အရန်အဖွဲ့ဝင် အနေနဲ့ပဲ ပါဝင်ခဲ့တယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)ကို ကျွန်တော်ဦးဆောင်ပြီး ဖွဲ့တဲ့အခါကျတော့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ၁၂ ပါတီနဲ့ ဖွဲ့ခဲ့ပါတယ်။

အခု ချိန်မှာတော့ ကျွန်တော်တို့အပါအ၀င် တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေ တရားဝင်ဖြစ်ပြီဆိုရင် UNLD လိုပုံစံမျိုး အဖွဲ့ချုပ် တရားဝင်ဖွဲ့မှာပါ'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စုတိုင်းရင်းသား များအဖွဲ့ချုပ် တည်ထောင်မည့်အကြောင်းနှင့် ပတ်သက်၍ ပြောကြားပါသည်။

အဆိုပါ ပြည်ထောင်စု တိုင်းရင်းသားများအဖွဲ့ချုပ်ကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ပြီး အနိုင်ရရှိထားခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီပါတီ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဇိုမီးအမျိုးသားကွန်ကရက်တို့ ပါတီမှတ်ပုံ တင်ပြီးသည်နှင့် တရားဝင်ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဦးသာဘန်း ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီတည်ထောင်ခွင့်ကို ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်းက လျှောက်ထားခဲ့ပြီး ဖြစ်ပါသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ထွက်ပေါ်ပြီးသည်နှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားရန် စီစဉ်နေပါသည်။ ထို့အတူ ဇိုမီးအမျိုးသားကွန်ကရက်နှင့် မွန်အမျိုးသားဒီမိုက ရေစီပါတီတို့လည်း ပါတီတည်ထောင်ခွင့်များ လျှောက်ထားကြမည် ဖြစ်ပါသည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ကို ဖွဲ့စည်းစဉ်က တိုင်းရင်း သား နိုင်ငံရေးပါတီ ၂၁ ပါတီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလနောက် ပိုင်း၌ ဖျက်သိမ်းခံရသော ပါတီအဖွဲ့အစည်းများစာရင်း၌ ပါဝင်ခဲ့ပါသည်။ ထိုအချိန်က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုက ရေစီအဖွဲ့ချုပ်၏ အမြဲတမ်း သဘာပတိကောင်စီဝင်များအဖြစ် ဦးနိုင်ငွေသိမ်း၊ ဦးစီကေကိုက်ကွဲလ်၊ ဦးအေးဖေ၊ ဦးစောသန်းရှိန်၊ ဦးဒယ်နီ ယယ်အောင်တို့က ဆောင်ရွက်ခဲ့ပြီး အတွင်းရေးမှူးများအဖြစ် ဦးအေးသာ အောင်၊ ဦးခွန်တင်ရွှေ၊ ဆလိုင်းလျန်မှုန်း၊ နိုင်အောင်မြင့်နှင့် ဒေါက်တာအောင်တင်ဦးတို့က ဆောင်ရွက်ခဲ့ကြပါသည်။ တိုင်းရင်းသား လူမျိုးရေးရာအဖွဲ့ဝင်များအဖြစ် ဦးခွန်ထွန်းဦး၊ စိုင်းအိုက်ပေါင်း၊ နိုင်ခင်မောင်နှင့် ဦးသာဘန်းတို့က ပါဝင်ခဲ့ကြပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ် ၁၁ ဦး၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်ငါးဦးနှင့် ဇိုမီး အမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်နှစ်ဦးတို့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါသည်။

Ref: Eleven

0 comments:

အပေါ်သို့