Wednesday, March 7, 2012

ကျောက်မျက်အချော လုပ်ကိုင်ခွင့် ဥပဒေကြမ်း ကချင်လွှတ်တော် သဘောတူ

ဖနိဒါ
မတ်လ ၀၆ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်အတွင်း၌ပင် ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းများ ပြုလုပ်ခွင့်ရမည့် ဥပဒေကြမ်းကို တတိယအကြိမ် မြောက် ပြည်နယ်လွှတ်တော် အစည်းအဝေးမှ သဘောတူ ချမှတ်လိုက်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

မတ်လ ၁ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရွှေဂူမြို့နယ် ၂ ကိုယ်စားလှယ် ဦးဖိုးပါကြွယ်က ထိုဥပဒေကြမ်းကို တင်သွင်း ခဲ့ရာတွင် ကိုယ် စားလှယ်အားလုံးက ထောက်ခံ အတည်ပြုလိုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် နီးစပ်သူ တဦးက ပြောပြသည်။

“အရင်တပတ်က တင်သွင်းတဲ့ ကချင်ပြည်နယ် ဖားကန့်နဲ့ ဆက်စပ်တဲ့ဒေသတွေမှာ ကျောက်မျက်တွေ ဖြတ်တောက်ဖို့၊ အချောကိုင်နိုင်ဖို့ ဥပဒေတင်တာ ကန့်ကွက်သူမရှိ ထောက်ခံတယ်။ ပြည်နယ်လွတ်တော်ကနေ အတည်ပြုလိုက်ပြီ။ ဥပဒေရေးပြီး သမ္မတကို တင်ပြမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် “ဇယား ၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ပုဒ်မ ၁၈၈ အရ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်း” လုပ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်မှ တူးဖော်ရရှိသည့် ကျောက်စိမ်းများကို ဖြတ်တောက်၊ ကျောက်ချောသွေးရာတွင် နေပြည်တော်အထိ တင်ပို့ ဆောင်ရွက်ရသဖြင့် ကုန်ကျစရိတ် များပြားကြောင်း၊ အဆိုပါ ဥပဒေ အသက်ဝင်လာပါက ကုန်သည်များနှင့် ကချင်ဒေသခံပြည်သူများ အတွက်များစွာ အကျိုးရှိလာမည်ဟု ကျောက်ကုန်သည်များက ပြောသည်။

ကချင်ပြည်နယ် လွှတ်တော်က အတည်ပြုပြီး ဖြစ်သော်လည်း သမ္မတဦးသိန်းစိန်က လက်မှတ်ထိုးပြီးမှ ဥပဒေအဖြစ် အသက်ဝင်မည် ဖြစ်သည်။

ဥပဒေသစ် ပေါ်လာပါက အလုပ်အကိုင် ဖန်တီးမှုများ ပေါ်ပေါက်နိုင်ကြောင်း ဆင်းရဲမှု ပပျောက်ရေးတွင် အထောက်အကူ ဖြစ်စေနိုင် ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)၏ ဒုဥက္ကဋ္ဌ ဦးလအောင် က ပြောသည်။

“အဲဒီဥပဒေ ထွက်လာရင် စားဝတ်နေရေး အဆင်ပြေလာမယ်။ မြစ်ကြီးနား ဈေးကွက် ရှိလာရင် နည်းနည်းတော့ အဆင်ပြေသွားမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)ကို မတ်လ ၃ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး အသင်း ဥက္ကဋ္ဌ ဦးဇလွမ်း၊ အတွင်း ရေးမှူး ဦးတူးခေါင် တို့ တာဝန်ယူထားကြောင်း သိရသည်။ လက်ရှိ အသင်းဝင်ပေါင်း ၄၀၀ ခန့်ရှိနေပြီ ဟု ဒုဥက္ကဋ္ဌ ဦးလအောင်က ပြော သည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်လုပ်ငန်းရှင်များ အသင်း၏ ရုံးချုပ်မှာ နေပြည်တော်တွင် ရှိပြီး ဖားကန့်၊ မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်မြို့ များတွင် အသင်းခွဲများ ရှိသည်။

ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ကျင်းပနေပြီး လတ်တလောတွင် ပြည်နယ်သုံးငွေ ဘတ်ဂျက်နှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးနေပြီး ကိုယ်စားလှယ်များက မေးခွန်း ၁၈ ခု မေးမြန်းခဲ့ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦးဖြင့် စုစုပေါင်း ၅၁ ဦး ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့