Wednesday, March 7, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီက အမတ်များ တွေ့ဆုံ

March 6, 2012
နေသွင်

လွှတ်တော်တက်နေတဲ့ တိုင်းရင်းသားပါတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက နေပြည်တော်မှာ စည်းရုံးရေးခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မနက်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီက အမတ်တွေရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ ဦးနေ၀င်းထွန်း၊ ဦးထွန်းကျော် (ခ) ဦးအိုက်ကျော်ဇောထွန်း အပါ အ၀င် ကျားဖြူ ပါတီက ကိုယ်စားလှယ်များနဲ့  ချင်းအမျိုးသားပါတီ​က ဦးဇုန်လှယ်ထန်းတို့  ပါဝင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့​ ​နေပြည်တော်စည်းရုံးရေးခရီးမှာ လိုက်ပါနေတဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဥာဏစိုးက

“အဓိကတော့ အန်တီ နေပြည်တော် စည်းရုံးရေး ခရီးစဉ် လာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက လာပြီးတော့ ဂါရ၀ပြု နှုတ်ဆက်ကြတာ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဆိုတာထက် ပါတီအသီးသီးကို ကိုယ်စားပြုတဲ့ ပါတီ အလုပ် အမှုဆောင်တွေ၊ သက်ဆိုင်ရာ ပါတီတွေရဲ့ ဥက္ကဌ၊ အတွင်းရေးမှူး အစရှိသဖြင့် အဲ့လိုမျိုး အနေနဲ့က ဆုံတွေ့ဖူးခြင်း ရှိပါတယ်။

အခုဟာကတော့ ပါတီ အဖွဲ့ အစည်း တော်တော်များများ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လာပြီးတော့ စုဝေးတွေ့ ဆုံတာ ပထမဆုံးဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံတဲ့ ပါတီတွေထဲမှာ ရှမ်း၊ ရခိုင်၊ ပလောင်၊ ပအို့၊ ချင်း၊ ၀၊ ဖလုံ-စဝေါ် ပါတီက အမတ်တွေ ပါဝင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ပါတီရဲ့ သဘောထား၊ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရတဲ့ ရည်ရွက်ချက်တွေကို အကျဉ်းချုပ် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (အက်စ်အန်ဒီပီ) ခေါ် ကျားဖြူပါတီရဲ့ တွဲဖက် အထွေ ထွေအတွင်းရေးမှူး လဲချားပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းမောင်တင် က

“သူတင်ပြတဲ့ တန်းတူညီမျှမှု ဆိုတာကို ကျနော်က လက်ခံတယ်။ ကွယ်လွန် သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား အန်တီစုကနေ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို ရောက်လာပြီးတော့ တန်းတူညီမျှမှု ရှိအောင်လည်း လုပ်ပေးနိုင်မယ်။ ဆောင်ရွက် ပေးနိုင်မယ်လို့ ထင်မြင်မိပါတယ်။ ယူဆပါတယ်ဆိုပြီးတော့ ကျနော် ပြောခဲ့ပါတယ်။

ကျနော်တို့လည်း ဆုတောင်းပေးတယ်လေ။ ရွေးကောက်ပွဲ အောင်နိုင်ပြီးတော့ ပြည်ထောင်စု လွှတ်တော်က ပြည်သူ့လွှတ်တော်မှာ ၀င်ရောက်လာဖို့ကို နွေးထွေးစွာနဲ့ ကြိုဆိုတယ်။ လက်ကမ်းကြိုဆိုပါတယ်လို့။ အန်တီစုနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အားလုံး အပါအ၀င် ဒီမိုကရေစီ ပါတီတွေအားလုံးကလည်း လက်တွဲ လုပ်ဆောင်သွားရင် လွှတ်တော် အခင်းအကျင်းလည်း ပိုပြီးတော့ ကောင်းသွားမယ်။ တိုင်းပြည်လည်း ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့ ထင်မြင်ကြောင်း သူမကို ပြောလိုက်ပါတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့