Thursday, March 15, 2012

ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလာဒေ့ခ်ျ အသာရ

3/14/2012
မင်းဆက်ခိုင်

မြန်မာနှင့် ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံအကြားတွင် အငြင်းပွားနေသည့် ရေပြင်ပိုင်နက်အငြင်းပွားမှု ပြဿနာအား ယနေ့(မတ်လ ၁၄ရက်) တွင် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ တရားခုံရုံး (ITLOS)က ဆုံးဖြတ်ပေးရာ ဘင်္ဂလာဒေ့ခ်ျဘက် မှ အသာရရှိကြောင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ဝန်ကြီး ဒီပူရ် မူနီက ပြောသည်။

"ကျမတို့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ အလွန်တရာမှ အားရကျေနပ်မိပါတယ်။ ဒီနေ့ဟာဆိုရင် ဘင်္ဂလာဒေ့ခ်ျ အတွက် နေ့ကောင်း နေ့မြတ်တရက်ဖြစ်ပါတယ်။ ကျမတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တခု အောင်မြင်တဲ့ နေ့ပေါ့" ဟု ဂျာမဏီနိုင်ငံ ဟန်းဘတ်မြို့ရှိ ITLOS ဥပဒေတရားခုံးရုံးထဲတွင် သွားရောက်နားထောင်ခဲ့သော ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေး ဝန်ကြီး ဒီပူရ်က တရားဆုံးဖြတ်ချိန်အပြီးတွင် သတင်းထောက်များအား ပြောကြား သည်။


၎င်းအပြင် သူမက "ကျမတို့ အခုဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်မယ့် လုပ်ကွက် စီမံကိန်းတွေကို စတင်အကောင် အထည် ဖော်နိုင်တော့မှာဖြစ်ပါတယ်" ဟု ဆက် ပြောသည်။

အငြင်းပွားနေသည့် ရေပြင်ပိုင်နက်အငြင်းပွားမှု ပြဿနာအား ဂျာမဏီနိုင်ငံ ဟန်းဘတ်မြို့ရှိ နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ တရားခုံရုံး (ITLOS) တွင် တရားသူကြီး Jose Luis Jesus က စီရင်ချက်အား ယနေ့ နံနက် ၁၁နာရီခွဲ( ဂျာမဏီ ဒေသစံတော်ချိန်) တွင် ဖတ်ကြားခဲ့သည်။

၎င်းတရားစီရင်ဆုံးဖြတ်ပွဲသို့ မြန်မာဘက်မှ ရှေ့နေချုပ် ဦးထွန်းရှိန်နှင့် အဖွဲ့တက်ရောက်ခဲ့ပြီး ဘင်္ဂလာဘက်မှ နိုင်ငံခြားဝန်ကြီး ဒီပူရ်နှင့် အဖွဲ့တို့ တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျဘက်မှ စတုရန်းကီလိုမီတာ ၁၀၇၀၀၀ တောင်းဆိုတင်ပြခဲ့သည်သော်လည်း တရားခုံရုံးမှ ၁၁၁၀၀၀ စတုရန်းကီလိုမီတာ အထိ တိုးမြင့်အနိုင်ပေးလိုက်သည်။

ဘင်္ဂလာဒေ့ခ်ျအနေဖြင့် အုန်းကျွမ်းခေါ် စိန့်မာတင် ကျွန်းပတ်လည် ရေမိုင် ၁၂ မိုင်အပိုင်ရသွားပြီး ယခုဆုံးဖြတ် လိုက်သည့် ရေပြင် တဝိုက်ကို အုပ်ချုပ်ပိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ရရှိလိုက်ခြင်းဖြစ်သည်။

ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် သဘာဝဓာတ်ငွေ့သိုက်များတွေ့ရှိထားသကဲ့သို့ အငြင်းပွားရာ ရေပြင်တွင် လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မည့် နေရာများ တွေ့ရှိထားသည်။

၂၀၀၈ ခုနှစ် နိုဝင်္ဘာလ အတွင်းက မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် (၂) ဘက် ရေတပ် သင်္ဘောများကို အငြင်းပွားရာ ရေပြင်ပိုင်နက်ထိ စေလွှတ်ခဲ့ရသည့်အထိ တင်းမာခဲ့သည်။ ၎င်းနောက်ပိုင်းတွင် (၂) နိုင်ငံစလုံးက ရေပြင်ပိုင်နက် အငြင်းးပွားမူကို ကုလသမဂ္ဂတွင် ဖြေရှင်းရန် သဘောတူညီခဲ့ကြသဖြင့် တင်းမာမူမှာ လျော့ကျသွားခဲ့ပြီး ကုလသမဂ္ဂအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂ၏ အောက်တွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် သဘောတူခဲ့ကြသဖြင့် ကုလသမဂ္ဂကမု ယခုကဲ့သို့ ခုံရုံးကို ဖွဲ့စည်းပေးခဲ့ကာ နှစ်ဘက် နိုင်ငံမှ ရှေ့နေများ၏ လျှောက်လဲချက်များနှင့် တင်ပြသော စာရွက် စာတန်း များကို ကြားနာ စစ်ဆေးခဲ့သည်။

မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမူကို နိုင်ငံတကာ ခုံရုံးက ၂၀၁၁ ခုနှစ် စက်တင်္ဘာ ၈ ရက်နေ့ စတင် ကြားနာစစ်ဆေးခဲ့သည်။

ကုလ ခုံရုံးက ဘင်္ဂလာဒေခ်ျ့ကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် ကြားနာ စစ်ဆေးခဲ့ပြီုး မြန်မာကို စက်တင်္ဘာ ၁၅၊ ၁၆၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးခဲ့သည်။

ဒုတိယ အကျော့ ကြားနာ စစ်ဆေးမူကို ဘင်္ဂလာဒေခ်ျ့အတွက် ၂၀၁၁ ခုနှစ် စက်တင်္ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာကို စက်တင်္ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဘင်္ဂလာနှင့် အိန္ဒိယ ရေပြင်ပိုင်နက်ကိုမူ လာမည့် ၂၀၁၄ခုနှစ်တွင် စီရင်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့