Tuesday, March 13, 2012

၁၉၉၀ မွန်ပါတီ ကြားဖြတ်ရွေးကောက်ပွဲပြီး မှတ်ပုံတင်၊ ပါတီပေါင်းဖွယ်ရှိ

ကွန်းချမ်း
မတ်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို လုပ်ဆောင်သွားမည်ဟု ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) က တနင်္ဂနွေနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်း၏ အသက် ၉၀ ပြည့်အကြို ဂုဏ်ပြုပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဒု-ဥက္ကဋ္ဌ (၂) နိုင်တင်အောင် က ဖြေကြားသွားခြင်း ဖြစ်သည်။

“ဒီလာမယ့် ရွေးကောက်ပွဲပြီးရင် ကျနော်တို့အဖွဲ့ အနေနဲ့ မှတ်ပုံတင်ပါမယ်။ အခုလက်ရှိ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ နာမည်နဲ့ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် တခြား နာမည်နဲ့လည်း ဖြစ်ချင် ဖြစ်မယ်” ဟု နိုင်တင်အောင် က ပြောသည်။

MNDF အနေနှင့် ပါတီ မှတ်ပုံတင်ခဲ့ပါက ပြည်တွင်း မွန်နိုင်ငံရေးပါတီနှစ်ခု ဖြစ်လာမည့်အတွက် မွန်ပြည်သူများနှင့် ရဟန်းသံဃာတော် များ၏ လိုလားချက် ဖြစ်သည့် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် ညှိနှိုင်းသွားမည်ဟုလည်း MNDF က ပြောသည်။

“ကျနော်တို့ မွန်ပါတီနှစ်ခု ပေါင်းကို ပေါင်းရမယ်။ ကျနော်တို့ အချင်းချင်းလည်း ညှိနှိုင်းနေတုန်းပဲ။ နားလည်မှု ရထားပြီးပြီ။ ပေါင်းဖို့ အတွက်က အချိန်နည်းနည်း ယူရဦးမယ်” ဟု နိုင်တင်အောင်က ပြောသည်။

ပါတီနှစ်ခု ပေါင်းစည်းရန်အတွက် ယခင်နှစ်ကုန်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့မှ မွန်ပြည် သူများနှင့် ရဟန်းသံဃာများ၏ ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည့် အဖြေကို ရရှိခဲ့သည်။

“ဆရာတို့ မပေါင်းရင် ရွာထဲကို လုံးဝ မဝင်နဲ့တဲ့။ ဘုန်းကြီးတွေကလည်း မပေါင်းရင် ကျောင်းကို လုံးဝ မလာနဲ့လို့ ပြောတယ်။ သူတို့ ကလည်း ပေါင်းစေချင်တဲ့ဆန္ဒ ရှိတယ်” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ပါတီကွဲ၍ မွန်ပါတီ နှစ်ခု ဖြစ်လာခြင်း မဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီတခု ရှိသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် အခြေအနေအရ ပါတီသစ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပါတီသစ် ခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

ပါတီဟောင်း ဖြစ်သည့် MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင် များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။ ၎င်းနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံတင်ခြင်း မပြုဘဲ ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပေးပြီးနောက် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ရာ MNDF အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲဝင် ကျန်တိုင်းရင်းသား နိုင်ငံ ရေးပါတီတို့က ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများကို မလွှတ်ပေးပါက ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ ကြသည်။

ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပြီး နောက်တွင် တိုင်းရင်းသားပါတီများ ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို ဆုံးဖြတ်ခဲ့ရာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့လည်း ပါဝင်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့