Thursday, March 15, 2012

ဖားကန့်တွင် လုံခြုံရေးကြောင့် မဲရုံတချို့ ဖျက်သိမ်း

March 14, 2012
ကို​ထွေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မဲရုံတချို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်း ထားတယ်လို့ အဲဒီနေရာမှာ ၀င်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောကြား လိုက်ပါတယ်။

ဖားကန့်မြို့နယ်မှာ လုံခြုံရေး အကြောင်းပြချက်ကြောင့် ရွာ ၁၀ ခု လောက်မှာ မဲရုံတွေကို ပိတ်ပစ်လိုက်ဖို့ ​ပြည်နယ်​ ကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းကြား ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း​ ​ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဖားကန့်မြို့နယ် အတွင်းက စိန်ကုလားကုန်း၊ ခေါစိန်၊ လော့တာ၊ ကမှော်စု၊ ကထရံ၊ လုံးခင်းက တချို့နေရာ၊ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်နဲ့ နန့်ယမ်း ရွာတွေက မဲရုံတွေကို ပိတ်ပစ်လိုက်တာ ဖြစ်ပြီး ရွာသားတွေ မဲပေးခွင့် ဆုံးရှုံးမှာ တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ပြည်နယ် ကော်မရှင်က လုံခြုံရေး အကြောင်းပြပြီး မဲရုံတွေ ပိတ်တာနဲ့ ပတ်သက်လို့ ကြောင်းကျိုး ဆီလျော်မှု မရှိဘဲ အဲဒီ နေရာတွေဟာ လုံခြုံရေး အခြေအနေကောင်းတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ဘာမှလည်း မရှိပါဘူး။ သူတို့က တမင်ပြောတဲ့ ပုံစံမျိုး ပေါက်တယ်။”

ရွာ ၃ ၊ ၄ ရွာလောက်ကို မဲရုံတရုံ လုပ်ပေးထားတာ ဖြစ်တဲ့အတွက် အဲဒိ ဒေသမှာ မဲဆန္ဒရှင် သောင်း ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ဒေါ်ဘောက်ဂျာက မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဒေသခံတွေ မဲပေးခွင့် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းရတယ်လို့  ဒေါ်ဘောက်ဂျာက ရှင်းပြပါတယ်။

“မငြိမ်မသက် ဖြစ်တာဟာ အစိုးရနဲ့ပဲ ဆိုင်တယ်လေ။ ပြည်သူ လူထုတွေမှာ အခွင့်အရေး မရှိတော့ ဘူးလား။ လူ့အခွင့်အရေး ဆုံးရှုံး ပြီလား။ ဒီဒေသတွေဟာ ဘာမှမဖြစ်ပါဘူး။ သူတို့က ပိတ်ထားတော့ ဒီဒေသက လူထုတွေဟာ နစ်နာတာပေါ့။ ကော်မရှင်က မဲရုံတွေ ပိတ်ပစ်တယ်ဆိုတော့ အခွင့်အရေး ဆုံးရှုံးမှု တရပ် ဖြစ်တာပေါ့။ ကျမက ပြန်ပြီး တောင်းဆိုချင် ပါတယ်။ ကော်မရှင်ကရော ဗဟို ကော်မရှင်ကရော ဒီကိစ္စကို တာဝန်ယူပြီး ပြန်ပြီး ဖွင့်ပေးဖို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ဖားကန့်မြို့နယ် အတွင်းမှာ မဲပေးတဲ့ မဲရုံပေါင်း ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးစိန်သိန်းထွန်းနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဒေါ်ဘောက်ဂျာတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာလည်း မဲစာရင်းတွေမှာ သေဆုံးတဲ့ သူတွေကို ထည့်သွင်းထားပြီး အသက် ၁၈နှစ် ပြည့်တဲ့သူတွေ မပါဘဲ အမှားအယွင်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့