Tuesday, March 13, 2012

သံဖြူဇရပ်မီး သိန်း ထောင်ကျော်ဆုံးရှုံး

ကွန်းချမ်း
မတ်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

တနင်္ဂနွေည သန်းခေါင်ကျော်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ၌ မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး သိန်းပေါင်း ထောင်ကျော် ဆုံးရှုံးမှု ရှိကြောင်း ရွာခံများက ပြောသည်။

လောင်ကျွမ်းမှုကြောင့် အထည်ဆိုင်ခန်း ၂၈ ခန်းနှင့် အိမ် ၄ လုံး ဆုံးရှုံခဲ့ပြီး၊ လောင်ကျွမ်းရသည့် အကြောင်းကို မသိရှိသေးကြောင်း ရွာခံများက ပြောသည်။

“လူတွေအားလုံး အိပ်နေတဲ့အချိန်မှာ မီးလောင်တယ်။ စက်ချူပ်တဲ့အိမ်က မိန်းကလေးတယောက်က မီးလောင်တာကို စတွေ့တာ” ဟု ရွာသူတဦးက ပြောသည်။

၎င်း၏ အဆိုအရ လောင်ကျွမ်းခဲ့သည့် အိမ် ၄ အိမ်အနက် အိမ် ၂ အိမ်မှာ ကာလတန်ဖိုး သိန်း ထောင်ကျော် ရှိပြီး ဆိုင်ခန်းများမှာလည်း တခန်းလျှင် သိန်း ၅၀ အထက်မှ သိန်း ၈၀ ကြား ရှိသည်။

အနင်းရွာသည် သံဖြူဇရပ်မြို့နယ်အဆုံးနှင့် ရေးမြို့နယ်အစပ်တွင် ရှိပြီး သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာ၊ ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ရွာ၊ သောင်ပြင်ရွာမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်မှုကြောင့် တနင်္လာ နံနက် ၂ နာရီကျော်တွင် မီးငြိမ်းသွားခဲ့သည်။

လောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အိုးအိမ် ပျက်စီးဆုံးရှုံးသွားသူများမှာ ဆွေမျိုးအိမ်များတွင် တည်းခိုနေရကြောင်း ရွာခံများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့