Tuesday, March 13, 2012

အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ချီးမြှင့်

March 12, 2012
မင်းလွင်

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ သတင်းသမားတွေကို ပထမဆုံးအကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့ အမျိုးသား သတင်း ဆုရှင်တွေ စာရင်းကို ဆုချီးမြှင့်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။

အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅ မျိုး ပါရှိပြီး အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး သတင်း ဆောင်းပါးဆု၊ အကောင်းဆုံး သတင်း ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သတင်း ကာတွန်းဆုတို့ ဖြစ်ပါတယ်။

အကောင်းဆုံးသတင်းဆု အတွက် ၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်ပါ နိုင်ငံ အနာဂတ်သစ် အတွက် အစပျိုးခြင်း သတင်း ရေးတဲ့ နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ ၀င့်ဝဒီနဲ့ ကုမုဒြာဆက်စပ် သတင်း အဖွဲ့တွေက ရရှိ သွားတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။


အကောင်းဆုံး သတင်းဆောင်းပါးဆုကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ ဆဲဗင်းလ်ဒေး နယူးစ်ဂျာနယ်မှာ ပါတဲ့ လက်နက်ကိုင် စကားဝိုင်းပေါ် ရောက်ပြီလား ဆောင်းပါးရေးတဲ့ ငြိမ်းငြိမ်းနိုင်က ရရှိပြီး၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကိုတော့ ၂၀၁၁ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့ ထုတ်တဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ အငြိမ်းစားများ သတင်း ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အောင်နိုင်စိုးက ရရှိသွား ပါတယ်။ အကောင်းဆုံး သတင်းကာတွန်း ဆု ကိုတော့ ၂၀၁၁ ဇူလိုင်လ ၂၆ ရက်နေ့ ထရူးနယူးစ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲက လိုတော့ သတင်းကာတွန်း ရေးဆွဲတဲ့ သီဟ(စခန်းသစ်) က ရရှိသွားပါတယ်။

မူလက အကောင်းဆုံး ၅ ဆုရွေးချယ်မယ်လို့ ကြေညာထားပေမယ့် အကောင်းဆုံး အာဘော် ဆောင်းပါးဆုကိုတော့ ဆုရွေးချယ်ပေး နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ သတင်းအာဘော် ဆောင်းပါး ဆုအတွက် ဆန်ခါတင် အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာမယန ဆောင်းပါးလည်း ပါဝင်နေတယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။

“အထူးခြားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမယန ဆိုတာကို News Watch ဂျာနယ်က ပါလာတယ်။ ဒါပေမယ့် အဲဒီဟာက ဘာဖြစ်နေလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၄ ခုနှစ်လောက်က သူမ နေအိမ်မှာ ပြောခဲ့တဲ့ စကားဖြစ်နေတယ်။ ဒါ့အပြင်ကို နောက်ပိုင်း ၂နှစ်၊ ၃နှစ်လောက် ခြားပြီးတော့ စာဆိုတော်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ စာအုပ်ထုတ်ခဲ့တဲ့ ဆောင်းပါး ဖြစ်နေတယ်။ ကျနော်တို့ ပြောထားတာ ၂၀၁၁ ခုနှစ် အတွင်းမှာ ရေးထားတဲ့ ဆောင်းပါးပဲ ဖြစ်ရမယ် ဆိုတော့ အကျုံးမ၀င် ဖြစ်သွားတယ်။”

အကောင်းဆုံး ၄ ဆုအပြင် ၂၀၁၁ ခုနှစ်အတွက် ဖြည့်စွက်ဆု ၁ ဆု ဖြစ်တဲ့ ၁ နှစ်အတွင်း ထူးခြားတဲ့ အမျိုးသား သတင်းဓာတ်ပုံ ဆုကို ၂၀၁၁ ခုနှစ် သြဂုတ် ၂၀ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓာတ်ပုံ အဖြစ် ဖေါ်ပြခဲ့တဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပုံအောက်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ရိုက်ထားတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးသူ မြန်မာ့ သတင်းစဉ်က မောင်မောင်သန်း (ကော့မှုး) ကို ရွေးချယ် ခဲ့ပါတယ်။

နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း သတင်း ရေးသားခဲ့သူ တဦးဖြစ်တဲ့ သတင်းထောက် နန်းလွင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှုဟာ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို ရေးခဲ့ရတာပါလို့ ပြောပါတယ်။

“အဓိကတော့ ဒေါ်စုနဲ့ ကလင်တန် တွေ့တဲ့အကြောင်းကို ရေးထားတာ၊ ဘယ်လို အသေးစိတ် ဆွေးနွေးခဲ့တယ်၊ သူတို့ရဲ့ ပုံစံတွေကို ထည့်ရေး ထားတာ။ သူတို့ဘယ်လို တွေ့တယ်၊ ဆွေးနွေးချိန် ဘယ်လောက်ကြာတယ်၊ သူတို့ နှစ်ယောက် တွေ့တာက ကျမတို့ နိုင်ငံ အတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တယ်။ နိုင်ငံအသစ် တခုအတွက်ကို အစပျိုးလိုက်တယ် ဆိုပြီး ခေါင်းစဉ်တင်ပြီး ရေးထားတာပါ။”

ဒီဆုဟာ ၂၀၁၁ ခုနှစ် ၁ နှစ်တာအတွင်း ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ် ရွေးချယ်တာ ဖြစ်ပြီး ဆု ၁ ဆုအတွက် ကျပ်ငွေ ၁၀ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို မတ် ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ဆု ချီးမြှင့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီကနေ စုံစမ်း သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့