Wednesday, March 14, 2012

စစ်တပ်များအား မထိန်းသိမ်းနိုင်မှုအပေါ် အစိုးရကို SSA-S သံသယရှိ

ဖနိဒါ
မတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် အစိုးရက စစ်တပ်များအပေါ် မထိန်းချုပ်နိုင်ဟု သံသယဖြစ်ဖွယ် ရှိကြောင်း အစိုးရ နှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) က ပြောသည်။

“တိုက်ပွဲတွေ မဖြစ်အောင် သမ္မတ က တပ်မတော်ကို တိုက်ရိုက်အမိန့် မပေးနိုင်ဘူးလား။ ဒါမှမဟုတ် အစိုးရ ပေါ်လစီ အတိုင်း တပ်မ တော်က လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလားဆိုတာ မေးခွန်းမျိုး မေးဖြစ်ပါတယ်” ဟု SSA-S မှ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းကိုယ်စားလှယ်များနှင့် အပစ်အခတ် ရပ်စဲထားပြီးနောက် နှစ်လခန့်အတွင်း အစိုးရနှင့် SSA-S တပ်များ အကြား တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ မတ်လ ၁၁ ရက်နေ့ကလည်း ကျိုင်းတုံခရိုင် မိုင်းဖြတ်မြို့ အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲ ရေးဌာနချုပ် (စကခ-၁၈) လက်အောက်ခံ (ခမရ- ၅၇၃)တပ်ဖွဲ့များနှင့် SSA-S လှုပ်ရှားတပ်တို့ တနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

SSA-S အင်အားနည်းရာ ဒေသများဖြစ်သော ကျောက်မဲ၊ သီပေါ၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် ဒေသများ တွင် အစိုးရဘက်မှ စစ်ကြောင်းသုံးကြောင်း (လူအင်အား ၃၀၀ ခန့်) ဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်ပြီး အပစ်ရပ်စဲထား သည့် တိုင် စစ်ရေးအရ ဖိအားပေးမှုများ ရှိသည်ဟု SSA-S က ပြောသည်။

“အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမယ့် စစ်ရေးနဲ့ ကျနော်တို့ကို ဖိအားပေးတယ်။ ဖိအားပေးတဲ့ ပုံစံအတိုင်း မလိုက်နာ မဆောင်ရွက် ဘူးဆိုရင် ပြန်တိုက်တာတွေ ရှိတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျနော်တို့ စဉ်းစားမတတ်အောင် ဖြစ် ပါတယ်။ အစိုးရက ဘာကြောင့် သူ့တပ်တွေကို မထိန်းနိုင်တာလဲ၊ မကြီးကြပ်နိုင် တာလဲ ဆိုတာကိုပါ” ဟု စိုင်းလောဝ်စိုင်း က ပြောသည်။

၂ဝ၁၁ နိုဝင်ဘာလမှ ၂ဝ၁၂ ဖေဖော်ဝါရီ လကုန်အထိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုးပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်း ရှမ်းတပ်ဖွဲ့များကို ဖိအားပေး နေရာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်တပ်က အစိုးရ၏ လုပ်နည်းလုပ်ဟန်များကို နားလည်မှု လွဲနေသည့် ပုံစံတွေ့ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က မဇ္စျိမကို ပြောသည်။

အစိုးရတပ်များအနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ မလုပ်ဘဲ ရပ်ဆိုင်းထားရန် သမ္မတမှ ညွန်ကြားထားပြီးနောက် ကာကွယ်ရေးဦးစီး ချုပ်မှလည်း အောက်ခြေတပ်များအား ဆက်လက် ညွှန်ကြားပြီးဖြစ်ကြောင်းနှင့် တပ်မတော်တွင် အမိန့်နှင့် ညွန်ကြားချက်သည် အသက် သွေးကြောဖြစ်ကြောင်း မတ်လ ၁ ရက် သမ္မတ မိန့်ခွန်းတွင် ပါရှိသည်။

နှစ်ဘက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် SSA-S ဘက်က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံ တင်ပြခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်အချို့ တွေ့ဆုံ ဆွေ့နွေးခဲ့ကြောင်း၊ တိုက်ပွဲများ ထပ်မံဖြစ်ပွားမှု မရှိစေရန် တာဝန်ယူမည်ဟု ပြောဆိုမှု ရှိခဲ့သည့်တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း SSA-S က ဆိုသည်။

၂ဝ၁၁ ဒီဇင်ဘာလက မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S ပဏာမ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ရေးဒေသများအတွင်းရှိ နှစ်ဖက်တပ်များ ဆုတ်ခွာရေးနှင့် ပတ်သက်၍ ဆွေး နွေးရာတွင် ပြည်နယ်အဆင့် တပ်များနှင့် ဆွေးနွေးရန်သာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့က ပြောဆိုခဲ့သည်။ ယင်းနောက် ၂ဝ၁၂ ဇန်နဝါရီလတွင် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့ သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့