Tuesday, July 10, 2012

စက်မှုဇုန်များအချိန်ပြည့် လျှပ်စစ်မီးရရှိရန် သဘာဝဓာတ်ငွေ့ဓာတ်ငွေ့သုံးး စက်ရုံအသုံးပြုမည်

စည်သူနိုင်(မြစ်မခ)
9 Jul, 2012

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များအား(၂၄)နာရီ လျှပ်စစ်မီးပေးနိုင်ရေးအတွက် ပြည်ပကုမ္ပဏီ ကြီးနှစ်ခုနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရှိရ သည်။

လက်ရှိတွင် စက်မှုဇုန်များ အချိန်ပြည့် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ဂျပန်နိုင်ငံမှ Mitsubishi ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား (၁၁၀)မဂ္ဂ၀ပ် ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပကုမ္ပဏီကြီးနှစ်ခုပူးပေါင်းပြီးတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ စက်ကိုသယ်လာမယ်။ စက်အတွက် နေရာနဲ့ လည်ပတ် ဖို့အတွက်က ကျွန်တော်တို့ လုပ်ရမယ်။ ထွက်လာတဲ့လျှပ်စစ် ဓာတ် အားကို သူတို့ကို တစ်ယူနစ်ဘယ်လောက်နူန်း ပေးရမယ်ဆို တာမျိုး၊ ကျွန်တော်တို့အနေနဲ့ စက်မူဇုန် တွေမှာရှိတဲ့ စက်ရုံတွေကို တစ်ယူနစ်ဘယ်လောက်နူန်း သတ်မှတ်မယ်ဆိုတာကို ဆွေးနွေး နေတယ်”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က ပြောသည်။

အဆိုပါ ဓာတ်အားပေးစက်ထားရှိရန် မြေနေရာနှင့် လည်ပတ်ရန်အတွက် လိုအပ်သော သဘာဝဓာတ် ငွေ့အား မြန်မာနိုင်ငံမှ တာဝန် ယူရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အား အချိန်ပြည့် ဖြန့်ဖြူးပေးနိုင်ရန်အတွက် အများကုမ္ပဏီများ ဖွဲ့စည်း၍ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်းကိုလည်း သိရသည်။

“အခုလို (၂၄)နာရီမီးပေးမယ်ဆိုတဲ့ အာမခံချက်တစ်ခုရတော့ ပြည်တွင်းပြည်ပက ရင်းနှီးမြုပ်နှံမဲ့ သူတွေရဲရဲတင်းတင်း လုပ်ရဲသွား တာပေါ့။” ဟု ရန်ကုန်စက်မှုဇုန်မှစက်ရုံပိုင်ရှင် ဦးမောင်မောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် တစ်နေ့ လျှပ်စစ်သုံးစွဲမှု ပမာဏမှာ (၁၃၆-၁၆၀)မဂ္ဂ၀ပ် ရှိကြောင်းသိရသည်။

“စက်မှုဇုန်တွေမှာ တစ်ရက်ကို မဂ္ဂ၀ပ် ၁၃၀ကျော်ကျော်လောက်သုံးနေတယ်။ အလွန်ဆုံး ၁၆၀ လောက်သုံးရတယ်။ လာဆောက်မယ့် စက်ရုံကလည်း ဓာတ်အား ၁၁၀-၁၂၀ လောက်ပဲ ထုတ် လုပ်နိုင်တာ။ လိုအပ်တဲ့ ဓာတ်အား ပမာဏကို အမှတ် (၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက တာဝန်ယူပေးသွားမှာပါ။”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး (အင်ဂျင်နီယာဌာန) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နိုင်ငံတော်အနေဖြင့် ဓာတ်အားပေးစနစ်တွင်း ရေအားလျှပ်စစ်အပါအ၀င် ဓာတ်အားပေးစက်များမှ ထုတ်လုပ်နိုင်သောပမာဏမှာ (၂၉၁၄ ဒသမ ၉) မဂ္ဂ၀ပ်ရှိသော်လည်း နွေရာသီတွင် (၁၂၅၀) မဂ္ဂ၀ပ် သာ ထုတ်လုပ်နိုင်ခြင်းကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ် အားအချိန်ပြည့်ရရှိနိုင်ရန်အတွက် မဂ္ဂ၀ပ် (၁၆၀၀) ကျော် လိုအပ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

“ကျွန်တော်တို့ကတော့ မီးစက်လာတည်မယ့်ကိစ္စကို ကြိုဆိုပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် မီးတာခကများတယ်ဆို ပေမယ့် မီးပုံမှန်ရမယ်ဆိုရင်ပဲ တော်တော်အကျိုးများနေပါပြီ။ မိုးလင်းတာနဲ့ လျှပ်စစ်မီးပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ သိပ်မ စဉ်းစားရတော့ဘူးပေါ့။” ဟု မြောက်ဥက္ကလာပ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ ဥက္ကဌ ဦးခင်မောင်မြင့် ကပြောဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့