Friday, July 13, 2012

Export သင်္ဘောဆိုက်၍ ဆန်ဈေးတက်ရာ၌ ဆန်ကြမ်းဈေးနှုန်းပိုမိုမြင့်တက်

ရန်နိုင်(မြစ်မခ)
12 Jul, 2012

ဇုလိုင်လဆန်းပိုင်းမှစတင်၍ ဆန်ဈေးနှုန်းများပြန်လည်မြင့်တက်လာရာ၌ ဆန်ကြမ်းဈေးနှုန်းများမှာ ပိုမိုမြင့်တက် ခဲ့သည်ဟု ရန်ကုန် ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းက သိရှိရသည်။

နိုင်ငံခြားExportသင်္ဘောများ ၀င်ရောက်နေခြင်းကြောင့် ဆန်ဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာ သော်လည်း ခေတ္တသာဖြစ်ပြီး ၀ါဆိုလပြည့်ကျော်သွားပါက ပြန်လည်ကျဆင်းနိုင်ကြောင်းကိုလည်း ဆန်ကုန် သည်ကြီးများက သုံးသပ်ကြသည်။

“ဆန်ဈေးပြန်တက်လာတာက ၀ါဆိုလပြည့် အခါတော်ရက်ကလေး နီးလာတာရယ်။ Export သင်္ဘောတွေဆိုက် လာတာကြောင့်ဆိုပြီး ပြောလို့ရတယ်။ တစ်ထောင်ကျော် နှစ်ထောင်နီးပါးလောက် တက်လာတယ်”ဟု ကောင်း မြတ်စံဆန်ပွဲရုံ (ဘုရင့်နောင်)မှ ဒေါ်နွဲ့နွဲ့ရီက ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာရခြင်းနှင့် ပတ်သက်၍ ပြောသည်။

ဇွန်လကုန်ပိုင်းအထိ ဆန်ကြမ်းအမျိုးအစားဖြစ်သော ဇီယာ(ရိုး) တစ်အိတ်လျှင် (၁၂၅၀၀) ကျပ်ဝန်းကျင်နှင့် ဇီယာ(ရှယ်) တစ်အိတ်လျှင် (၁၃၀၀၀) ကျပ်ဝန်းကျင် ရှိခဲ့သော်လည်း ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဇူလိုင်လ (၁၁) ရက်နေ့အထိ ဇီယာ(ရိုး) တစ်အိတ်လျှင် (၁၄၀၀၀) ကျပ်ဝန်းကျင်နှင့် ဇီယာ(ရှယ်) တစ်အိတ်လျှင် (၁၄၇၀၀) ကျပ်အထိ မြင့်တက်လာကြောင်း ဘုရင့်နောင်ဆန်ဈေး ကွက် အတွင်း က သိရှိရသည်။

သို့သော် ဆန်ချောအမျိုးအစားဖြစ်၍ လူစားများသော ဖျာပုံပေါ်ဆန်းဆန်မှာ ဈေးနှုန်းအနည်းငယ်သာ မြင့်တက်ခဲ့သည်။ ဇွန်လကုန်ပိုင်း အထိ ပေါ်ဆန်း(ရိုး) တစ်အိတ်လျှင် (၂၈၀၀၀) ကျပ် ၀န်းကျင်နှင့် ပေါ်ဆန်း (ရှယ်) တစ်အိတ်လျှင် (၂၉၀၀၀) ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ (၁၁) အထိ ပေါ်ဆန်း(ရိုး) တစ်အိတ်လျှင် (၂၈၆၀၀) ကျပ်ဝန်းကျင်နှင့် ပေါ်ဆန်း(ရှယ်) တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဝန်းကျင်သို့ မြင့်တက်ခဲ့သည်။

သို့သော် ဇွန်လကုန်ပိုင်းအထိ ဆန်းဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း စားသုံးသူဈေးကွက်အတွင်း ဈေးနှုန်း သိသိသာသာ ကျဆင်း မှုမရှိခဲ့ပဲ ဇူလိုင်လဆန်းပိုင်း ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာချိန်တွင်မူ စားသုံးသူ ဈေးကွက်တွင် သိသိသာသာမြင့် တက်ခဲ့သည် ဟု ရန်ကုန်မြို့နေ ပြည်သူများကဆိုသည်။

“ကျွန်မတို့လို အိတ်လိုက်မ၀ယ်နိုင်ဘဲ နှစ်ရက်၊ သုံးရက်တစ်ခါ တစ်ပြည်ချင်းစီ ၀ယ်စားကြတဲ့သူတွေအဖို့ ဆန်ဈေးကျတာဆိုတာ မရှိသလောက်ပဲ ကျချိန်မှာမကျပဲ၊ ဆန်ဈေးတက်ချိန်ကြတော့ အတက်ဈေးနဲ့ပဲ ၀ယ်စားနေရတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းနေ အိမ်ရှင်မတစ်ဦးဖြစ်သူ မ၀င်းမာက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အများဆုံး ဝင်ရောက်လျက်ရှိပြီး တစ်နေ့ လျှင် ဆန်တန်ချိန် (၅၅၀)ကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။ ထိုမှတဆင့် အခြားဒေသများ ဖြစ်သော မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ပခုက္ကူနှင့် အညာဒေသများသို့ ပြန်လည်ရောင်းချပေး လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့