Tuesday, July 10, 2012

လားရှိုးအမြောက်တပ်ရင်းမှ စစ်ကားများအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့

အောင်အောင်(မြစ်မခ)
9 Jul, 2012

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးအတွင် လားရှိုးအမြောက်တပ်ရင်းမှ စစ်ကား(၃)စီးအား ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒေသခံများစိုးရိမ်ပူပန်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရှိရသည်။

တရုတ်မြန်မာ အဓိကစီးပွားရေးလမ်းကြောင်းတစ်ခုတွင် ယခုကဲ့သို့ဖြစ်ပွားခဲ့သည့်အတွက် စိုးရိမ်ပူပမ်ရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာမှာ မူဆယ်မြို့ရဲ့ တောင်ဖက် ၆ မိုင်အကွာဝန်းကျင်ရှိ စယ်လန့်ရွာ အခြေခံ ပညာအထက်တန်း ကျောင်းခွဲအနီးတွင် တိုက်ခိုက်ခံရမှုအား ယမန်နေ့ ၁၁ နာရီ (၁၀)မိနစ်ဝန်းကျင်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျောင်းဆရာတစ်ဦးထံက သိရှိရသည်။

“ပေါက်ကွဲသံ အချက်အကျယ်ကြီး နှစ်ချက်ကြားပြီးတော့ လက်နက်ငယ်တွေ သေနတ်သံတွေ ပစ်တာခတ်တာ အသံကြားရတယ် အဲ့ဒါ မူဆယ် - နမ့်ခမ်း ကျနော်တို့ဒီ စယ်လန့်အထက ခွဲ ကျောင်းနားလေးမှာပါ” ဟု အဆိုပါရွာမှ ကျောင်းဆရာ တစ်ဦးကပြောသည်။

ပစ်ခတ်မှုများကြောင့် ကျောင်းဆရာမကြီးနေထိုင်သောအိမ်နှင့် မူလတန်းကျောင်းဆောင်အပါအ၀င် ၀န်ထမ်းအိမ်ယာများကိုလည်း ကျည်ဆန်များလာရောက်ထိမှန်မှုများရှိခဲ့ကြောင်းနှင့် ကျောင်းပိတ်ရက်ဖြစ်သည့် အတွက် ကျောင်းဝင်းအတွင်းတွင် ထိခိုက် ဒဏ်ရာရမှု တစုံတရာ မရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။

“ဘယ်သူတွေနဲ့ဖြစ်တယ်မသိဘူး၊ ကျွန်တော်တို့လည်း ထွက်မကြည့်ရဲဘူးလေ”ဟု စယ်လန့်ရွာသားတစ်ဦးက ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သောတပ်မတော်သားများအား မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ထားရကြောင်းကိုလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

မူဆယ်ရဲတပ်ဖွဲ့မှလည်း မည်သည့်အဖွဲ့အစည်းမှန်းမသိသော်လည်း တပ်မတော်က ပစ်ခတ်မှုဖြစ်ခဲ့သည်ကို အတည်ပြုပြောကြားခဲ့ပြီး ထိခိုက်ကျဆုံးမှုများအား မသိရှိကြောင်း မူဆယ်ရဲစခန်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အဲ့ဒီဖက်မှာ ပစ်ကြတယ်ဆိုတာလောက်ပဲ အကြမ်းမျဉ်းသိတယ်၊ ကျွန်တော်တို့နဲ့လည်း မသက်ဆိုင်ဘူးဆိုတော့ မစုံစမ်းတော့ဘူး သူတို့က စစ်သတင်းဆိုတော့” ဟု မူဆယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့