Friday, July 13, 2012

ဂျပန်မှ ထောက်ပံ့ငွေ ဒေါ်လာ(၁၀)သန်းကို ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင်သုံးမည်

စည်သူနိုင်(မြစ်မခ)
12 Jul, 2012

မြန်မာ့လျှပ်စစ်စွမ်းအင်လိုအပ်ချက်များတွင် အကူအညီအထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံအစိုးရက ဒေါ်လာငွေ (၁၀)သန်း ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်းအမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရှိရသည်။

အဆိုပါကူညီထောက်ပံ့ငွေမှာ အရေးပေါ်ကူညီထောက်ပံ့ငွေအဖြစ်ကူညီခြင်းဖြစ်ပြီးမြန်မာနိုင်ငံဒေသ အနှံ့အပြား အတွက်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများတွင် အဓိကထားအသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“အရေးပေါ်ထောက်ပံ့ငွေအနေနဲ့ကူညီသွားဖို့ သူတို့ဆီက ကမ်းလှမ်းထားတာကိုလက်ခံထားပြီးပါပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လည်း ပို့ထားပြီးသားပါ။လိုအပ်တဲ့နေရာတွေမှာ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းတွေလုပ်ဆောင်သွားမှာပါ” ဟု ဦးခင်မောင်ဝင်း က ပြောသည်။

အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာငွေ(၁၀)သန်းရရှိလာပါက ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့စသော လောင်စာများ သယ်ယူပို့ဆောင်ရန် လွယ်ကူသော ရန်ကုန်မြို့တွင်လျှပ်စစ်ဓာတ်အားပေးမီးစက်များ တည်ဆောက်၍ တစ်နိုင်ငံလုံးသို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် လျာထားကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရှိရသည်။

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များအား အချိန်ပြည့်လျှပ်စစ်မီးပေးနိုင်ရေးအတွက် ဂျပန်မှ Mitsubishi ကုမ္ပဏီနှင့်ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီတို့မှသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်များ ကူညီပေးမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ် အားပေးရေးအဖွဲ့က သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဂျပန်အစိုးရသို့ပေးဆပ်ရန်ကြွေးမြီအမေရိကန်ဒေါ်လာသန်း(၆၀၀၀) ကျော်ရှိပြီး ၄င်းအနက်မှ အမေရိကန် ဒေါ်လာသန်း(၃၇၀၀) ကို လျှော်ပစ်ရန် သမ္မတဦးသိန်းစိန်၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင်ဂျပန်အစိုးရက ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။

နိုင်ငံတော်အစိုးရမှ စွမ်းအင်ကိစ္စအရပ်ရပ်တွင် ရေတို၊ရေရှည်စီမံကိန်းများရေးဆွဲဆောင်ရွက်ရန်နှင့် ပြည်ထောင်စု အစိုးရက ထုတ် လုပ်ဖြန့်ဖြူးမည့်အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမည့်အပိုင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု များဖြင့်ထုတ် လုပ်ဖြန့်ဖြူးမည့်အပိုင်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်ကဇူလိုင်လ (၁၉)ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနစ်အထိ နိုင်ငံတော်၏ဘဏ္ဍာငွေကျပ်သန်းပေါင်း(၂.၈)သန်းကျော်နှင့် နိုင်ငံ ခြားချေးငွေဖြင့်ဆောင် ရွက် သည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ (၇) ဘီလီလျံခန့် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များလုပ်ဆောင်ခဲ့သော်လည်း လူဦး ရေနှင့်လျှပ်စစ်ဓာတ်အားသုံးစွဲမှုတိုးတက်လာသောကြောင့် လျှပ်စစ်ဓာတ် အားသုံးစွဲမှုလိုအပ်ချက် များ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့