Friday, July 13, 2012

မြောက်ဦး RNDP ဒုဥက္ကဌနှင့် ဗဟိုကော်မတီဝင်တို့အား ပြန်လွှတ်ပေးရန် မြောက်ဦးမြို့ခံများတောင်းဆို

ရွှေဘန်း(စစ်တွေ)
13 July 2012

ဇူလိုင်လ ၁၂ရက်နေ့က မြောက်ဦးမြို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော် မတီဝင် ဦးဘတင်အား မြောက်ဦးမြို့ တပ်ရင်း၅၄ ဗျူဟာမှူးမှ ဖမ်းဆီးသွားသောကြောင့် မြောက်ဦးမြို့ခံပြည်သူ တစ်သောင်းခန့် ယင်းနှစ်ဦးအား ချက်ချင်းလွှတ်ပေးရန် ချီတက်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့ ရွှေတောင်ရွာ ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းသည် မြောက်ဦးမြို့ တပ်ရင်း ၅၄၀ စစ်တပ်သို့ စပါးသွင်းဟန်ပြပြီး၊ စစ်တပ်ဖြင့် ပူးပေါင်းကာ ဘင်္ဂလီမူဆလင်များအား တစ်နေ့ကို စပါးတင်း ၄၀၀ခန့် နေ့စဉ်ရောင်းချနေခြင်းနှင့် စပ်လျဉ်း၍ မြောက်ဦးမြို့ RNDP ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော်မတီဝင် ဦးဘတင်တို့မှ ယင်းဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းအား နေ့စဉ် စပါးတင်း ၄၀၀အား စစ်တပ်မှတစ်ဆင့် ဘင်္ဂလီမူဆလင်များကို ရောင်းပေးနေခြင်းအား ရပ်တန့်ရန်နှင့် မြောက်ဦးမြို့ဆန်ဈေးကွက်သို့လည်း စပါးများရောင်း ချပေးရန် သွားရောက်ညှိုနှိုင်းခံသည်ဟု RNDPမှ ဆိုသည်။

ယင်းကဲ့သို့ သွားရောက်ညှိုနှိုင်းခြင်းကို ဦးကျော်ဝင်းက စစ်တပ်သို့ တိုင်ကြားလိုက်ရာ ဗျူဟာမှူးက ယင်းသွားရောက်ညှိုနှိုင်းသူနှစ်ဦးအား ရာဇ၀တ်သားသဖွယ် သွားရောက်ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

"မြောက်ဦးမြို့ RNDPက ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းအနေနဲ့ ဘင်္ဂလီမူဆလင်တွေကိုဘဲ အမြတ်ကြီးယူပြီး စပါးထုတ်မရောင်းဘဲ မြို့ဒေသခံတွေကိုလည်း စပါးထုတ်ရောင်းဖို့ ပြေလည်ရာပြေလည်ကြောင်း သွားရောက်ဆွေးနွေးခဲ့တာပါ။ အဲဒါကို ဦးကျော်ဝင်းက စစ်တပ်ကိုတိုင်လိုက်တော့ ဗျူဟာမှူးက သူတို့နှစ်ယောက်ကို ညနေ ၄နာရီခွဲလောက်မှာ ဖမ်းခိုင်းလိုက်တယ်။ သူတို့နှစ်ယောက်ဖမ်း သွားတာကလဲ ဆိုင်ကယ်ပေါ်မှာ လက်ကိုနောက်ပြန် လက်ထိတ်ခတ်ပြီး ဖမ်းဆီးတယ်၊ အဲဒါကို မြို့နယ်ရဲစခန်းမှူးက သူတို့နှစ် ယောက်ကို ဒီလိုဖမ်းစရာမလိုဘူး၊ အေးအေးဆေးဆေး ခေါ်သွားပြီး ဆွေးနွေးလိုက်ရင်အဆင်ပြေတယ်လို့ စစ်သားတွေကိုတားတယ်။ အဲဒါကို စစ်သားတွေက မရဘူး လူတွေအလည်မှာ အဲလိုလက်ထိတ်ခတ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီးတော့ကို ဖမ်းဆီးသွား တယ်" ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ဖမ်းဆီးသွားပြီးနောက်တွင် မြို့ခံပြည်သူများက မကျေမနပ်ကြသဖြင့် ညနေ ၆နာရီခန့်တွင် ရဲစခန်းရှေ့သို့ လူပေါင်း တစ် ထောင်ကျော် ချီတက်လာရာမှ လူပေါင်းတစ်သောင်းကျော်ထိဖြစ်သွားပြီး ဖမ်းဆီးထားသူ RNDP ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော်မတီဝင် ဦးဘတင်တို့ နှစ်ဦးအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ရာ ညနေ ၈နာရီတွင် မြို့နယ်ရဲစခန်းမှ ယင်းနှစ်ဦးအား ၀န်ခံလက်မှတ်များ ထိုးခိုင်းပြီး လွှတ်ပေးလိုက်ရကြောင်း သိရှိရသည်။

Ref: အာရကန်တိုင်းမ်

0 comments:

အပေါ်သို့