Tuesday, July 10, 2012

မော်လမြိုင်တွင် ရော်ဘာခြံအ၀ယ်လိုက်၍ ရောင်းမည့်သူမရှိဖြစ်နေ

ယမင်း(မြစ်မခ)
9 Jul, 2012

မော်လမြိုင်တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ခြံများအပြိုင်ဝယ်ယူနေခြင်းကြောင့် ဈေးနူန်းများ မြင့်တက်လျက်ရှိပြီး ရောင်းလိုအားမရှိသလောက်နည်းလာကြောင်း ဒေသခံရော်ဘာ လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

“ဈေးတွေက အဆမတန်မြင့်တက်လာတယ်။ ရာဘာစိုက်ဖို့ အချက်အချာကျတဲ့နေရာမို့လို့လား မသိဘူး။ ကုမ္မဏီတွေကလည်း ဆင်းဝယ်တယ်။ အ၀ယ်တွေလိုက်ပေမယ့် ရောင်းသူက မရှိဘူး ဖြစ်နေတယ်” ဟု မော်လမြိုင်မြို့မှ ရာဘာခြံပိုင်ရှင် ဦးကြီးက ပြော သည်။

ယခင် ၂၀၀၉-၂၀၁၀ နှစ်တွင် ရာဘာခြံဈေးမှာ ၁ဧကလျှင်(အပင်မပါ အရိုင်း) ၃၀၀၀၀ ကျပ်(သုံးသောင်း) ရှိခဲ့ရာမှ ယခု၂၀၁၂ခုနှစ်တွင် ရာဘာခြံဈေးမှာ ၁ဧကလျှင် (အပင်မပါ အရိုင်း) ၅သိန်းဝန်းကျင်သို့ မြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

“စီးပွားရေးသမားတွေကပွင့်လင်းရာသီရောက်ရင် ရော်ဘာလုပ်ငန်းတွေ ကောင်းလာနိုင်တယ်။ လုပ်ကိုင်ဖို့ လည်း စိတ်ဝင်စားလာကြ တော့ ခြံတွေ ၀ယ်လာကြတယ်။ မိုးရာသီဆိုတော့ လုပ်ငန်းတွေ ခဏရပ်နားထား ကြတယ်။ အခုချိန်မှာ ၀ယ်တဲ့သူတွေအ၀ယ်လိုက် တယ်။ ဈေးကလည်း တစ်ဧကကို ၁၀ဆ-၁၅ဆလောက် တက်လာတယ်” ဟု ကျိုက်မရော၊ ရွှေဝါချောင်မှ ဒေါ်ပြုံးက ပြောသည်။

ရာဘာအပင်ပေါက် (၁မိုးခွဲ)တစ်ပင်လျှင် ကျပ် (၁)သောင်း (၅)ထောင်မှ ကျပ် (၅)သောင်းဝန်းကျင်အထိ ဈေးရပြီး ရာဘာအပင် ပေါက်(၁၀၀ ပင် ၁မိုးထိပြီးသား)ပါ တစ်ဧကလျှင် ကျပ် သိန်း (၂၀)၀န်းကျင်ဈေးရကြောင်း သိရသည်။

“ဒီနှစ်က ရာဘာဈေးကောင်းရလို့လည်း ပါတာပေါ့။ မုဒုံ၊ ကမာဝက်ဘက်က မွန်တွေကလည်း စိုက်ပျိုးမြေမရှိလို့ လိုက်ဆင်းဝယ်နေကြ တယ်။ တရုတ်တို့ ထိုင်းတို့ဘက်က ကုမ္မဏီတွေကလည်း ဈေးပိုပေးပြီး ၀ယ်နေကြလို့ ဈေးက အရမ်းတက်လာတယ်” ဟု မော်လမြိုင် မြို့ ကျိုက်မရောမြို့နယ်မှ ရာဘာလုပ်ငန်းရှင် ဒေါ်သီတာက ပြောသည်။

ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းများအား ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် လုပ်ကိုင်လျက်ရှိသော်လည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဓိကထား၍ စိုက်ပျိုးထုတ်လုပ်မူများကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့