Tuesday, July 10, 2012

ထိုင်း ၈ဝ အနက် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးသူများကို မြန်မာပြန်လွှတ်

ကွန်းချမ်း
ဇူလိုင်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

ဇွန်လ ၄ ရက်နေ့က ကော့သောင်းခရိုင်အတွင်း ပိုင်နက်ကျူးကျော်မှု၊ လက်နက် ကိုင်ဆောင်မှု စသည်တို့ဖြင့် မြန်မာစစ်တပ်က ဖမ်းဆီး ထားသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်အနက် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို ၃၀ ကျော်ကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီး ၄၉ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ကော့သောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်ခြားကော်မတီ၏ ဝင်ရောက် စေ့စပ်မှုဖြင့် ထိုနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

“နားလည်မှုနဲ့ ပြန်လွှတ်ပေးလိုက်တာပါ။ ကျန်တဲ့လူတွေကတော့ ကျိန်းသေပေါက် ထောင်ကျဖို့ ရှိတယ်။ လဝက ဥပဒေတခုတည်းနဲ့ သုံးနှစ်ချလို့ ရတယ်။ နောက်လက်နက်မှုတွေကတော့ ဘယ်လောက်ချမလဲတော့ မသိဘူး။” ဟု ၎င်းဌာနမှ အရာရှိတဦးက ပြောသည်။

ဇွန်လ ၄ ရက်နေ့တွင် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အရှေ့ဘက် မိုင် ၄ဝ ကျော်အကွာရှိ ဆန်မကြီးကျေးရွာ၏ အရှေ့ဘက် ချောင်ကျသည့် ဒေသတွင် သစ်ခိုးထုတ်သည့် ထိုင်းနိုင်ငံသားများကို ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်အသိုင်းအဝိုင်းက ပြောသည်။

ဖမ်ဆီးခံရစဉ်တွင် မြေတူးစက် ၁ စီး၊ မြေသယ်စက် ၂ စီး၊ ကားပေါင်းစုံ ၁၅ စီးနှင့် အမ် ၁၆၊ အေကေ ၄၇ လက် စုစုပေါင်း လက်နက် ၄ဝ ကျော်ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ အဖမ်းခံရသူများမှာ မြန်မာပိုင်နက်အတွင်း ဝင်ရောက်ကာ ရာဘာစိုက် ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများ ဖြစ်ပြီး၊ မြန်မာနယ်စပ် အတွင်းပိုင်းသို့ 6,000 rai (ဧက ၂၃ဝဝ ကျော်) ကျူးကျော် ဝင်ရောက်မှု ရှိသည်ဟု ထိုင်းနိုင်ငံ ဒေသ ၄ ပြည်တွင်းလုံခြုံရေး စစ်ကြောင်းမှ ဗိုလ်ချုပ် Maj Gen Manas Khongpaen ၏ ပြော ကြားချက်ကို ကိုးကားဖော်ပြသည်။

ဒေသခံများကမူ ယခု ဖမ်းဆီးမှုတွင် ထိုင်းနိုင်ငံသားများ သာမက မြန်မာနိုင်ငံသား ၃ဝ ဦးခန့် ပါဝင်ကြောင်း၊ သစ်ခိုးထုတ်ခြင်းအပြင် ရာဘာစိုက်ခင်း ဧက ၅,ဝဝဝ ကျော်အတွင်း ဆေးခြောက်ပင်များ စိုက်ပျိုးထားခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီနေရာက လူတွေ အရောက်အပေါက် နည်းတယ်။ ဌာနဆိုင်ရာတွေတော့ မရောက်ဘူး၊ ဆင်းရဲသား လူတန်းစား ကြိမ်ခုတ် ဝါးခုတ်သမားတွေပဲ ရောက်ကြတယ်။ ဒါပေမဲ့ သူတို့ အဝင်မခံဘူး အဲဒီနေရာကို။ ရာဘာပင်ကြားမှာ ဆေးခြောက်တွေ စိုက်ထားတာ အောင်မြင်နေတာ ၆ နှစ်လောက် ရှိပြီ၊ ဒီနှစ်မှ လာဖမ်းတာ” ဟု ဆန်မကြီးရွာတွင် ၆ နှစ်ကျော် နေထိုင်လာသည့် ဒေသခံ တဦးက ပြောသည်။

ထိုဒေသသို့ လွန်ခဲ့သည့် ၂ဝဝ၇- ၂ဝဝ၈ တွင် မြန်မာစစ်ကြောင်းများ တက်ရောက်ခဲ့သော်လည်း ဆေးခြောက် စိုက်ပျိုးနေသည့်ကိစ္စကို ဖြေရှင်းမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအချို့မှာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပွဲစားများ၏ လိမ်လည်ဆွဲဆောင်မှုကြောင့် ဆေးခြောက် စိုက်ခင်းတွင် သွား ရောက် လုပ်ကိုင်ကြပြီး၊ နေရပ်သို့ ပြန်လည် ရောက်ရှိသူ မရှိသလောက် နည်းပါးကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“အဲဒီကို ရောက်ရင်တော့ ပြန်လမ်း မရှိတော့ဘူး။ လက်နက်နဲ့ စောင့်တယ်။ စိုက်ခင်း ခြံစည်းရိုးတွေမှာ မိုင်းတွေ ထောင် ထားတယ်။ အလုပ်လည်း တအားခိုင်းတယ်။ မခံနိုင်လို့ ထွက်ပြေးပြီး လက်ပူး လက်ကြပ်မိရင်တော့ ပစ်သတ်လိုက်တာ လည်း ရှိတယ်။” ထွက်ပြေး လွတ်မြောက်လာသူများ၏ ပြောဆိုချက်ကို ကိုးကားပြီး သူက ပြောသည်။

ဇူလိုင် လကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်မည့် သမ္မတကြီး ဦးသိန်းစိန် ၏ ခရီးစဉ် မတိုင်မီ ဖမ်းဆီးခံထားရသူ များ ပြန်လည် လွတ်မြောက်ရေးကို ဖြေရှင်းသွားနိုင်လိမ့်မည် ဖြစ်ကြောင်း သောကြာနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ် ယုထဆက် ဆာစီပရာပ (Yuthasak Sasiprapa) က ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့