Tuesday, July 10, 2012

ပွဲစားများကြောင့် ကိုယ်တိုင်ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများ အခက်တွေ့နေ

ကောင်းမြတ်ဖြိုး(မြစ်မခ ရှမ်းပြည်နယ်)
9 Jul, 2012

ပြင်ဦးလွင်မြို့ရှိ လိုင်စင်မဲ့ဆိုင်ကယ်(ဘလက်ဘီး)များအား လိုင်စင်ပြုလုပ်ပေးရာတွင် ပွဲစားများကြောင့် ကိုယ်တိုင်လိုင်စင် လုပ်သူများ အနေ ဖြင့် အဆင်မပြေမှုများဖြစ်ပေါ်လျှက်ရှိကြောင်း ဆိုင်ကယ်လိုင်စင် ပြုလုပ်သူများထံက သိရှိရသည်။

“ကျွန်တော်ဆို မနက်ကတည်းက စောင့်နေရတာ စရပ်တဲ့နားကနေ မရွှေ့ရသေးဘူး၊ တိုကင်လည်း အခုထိ မရသေးဘူး အရှေ့မှာ ပွဲစားတွေက ကျော်ချင်သလို ကျော်နေကြတာ။” ဟု ကိုယ်တိုင်ဆိုင်ကယ်လိုင်စင် ပြုလုပ်သူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဆိုင်ကယ်များဖြင့် တန်းစီစောင့်ဆိုင်းရာတွင် ပထမဦးဆုံးအနေဖြင့် တိုကင်ယူရပြီး အဆိုပါ တိုကင်အတွက် ငွေကျပ် တစ်ထောင်ပေးရကြောင်း သိရှိရသည်။

“ကျွန်တော်ကတော့ မနက်(၄)နာရီလောက်မှ လာပြီးတန်းစီတယ်။ တချို့ပွဲစားတွေကတော့ ကွင်းအပြင်ဘက်မှာ ညအိပ်စောင့် ကြတယ်။” ဟု ပွဲစားတစ်ဦးဖြစ်သူ ဦးတင်ထွန်းဦးက ပြောသည်။

အဆိုပါ လိုင်စင်လုပ်ပေးသောနေရာတွင် တစ်ရက်လျှင် ပွဲစား အယောက်(၅၀) ခန့် အထိရှိကြောင်း ပွဲစားများထံက သိရသည်။

ထိုကဲ့သို့ လိုင်စင်မဲ့ဆိုင်ကယ်(ဘလက်)များကို လိုင်စင်ပြုလုပ်ပေးအား ဇူလိုင်လ (၆)ရက်နေ့မှ စတင်ပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်။ ပွဲစားများဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်လျှင် ပွဲစားများအား ကျပ်(၇၀၀၀)၊ (၈၀၀၀)ခန့် ပေးရကြောင်းကိုလည်း သိရှိရသည်။

“ကျွန်တော်ဆိုရင် တစ်ရက်ကို နှစ်စီးလောက် တော့ရတယ်။ တစ်စီးကို ၆၀၀၀ လောက်တော့ရပါတယ်။ လိုင်စင် လုပ်မယ်ဆိုရင် ဆိုင်ကယ်နဲ့ မှတ်ပုံတင်မိတ္တူနှစ်ဆောင် ထားခဲ့ရင်ရပါတယ်။” ဟု ဆိုင်ကယ်ပွဲစားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးခြင်းကြောင့် ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် ကျပ်(၂၀၀၀၀) ကျော် ဈေးတက် လာကြောင်း သိရှိရသည်။

ဆိုင်ကယ်လိုင်စင် လာရောက်ပြုလုပ်လျက်ရှိသော ဘလက်ဘီးအများစုမှာ တရုတ်မှလာသော ဆိုင်ကယ်များ သာဖြစ်ပြီး ထိုင်းဘီး၊ ဂျပန်ဘီးများမှာ တစ်ရက်လျှင် တစ်စီးတွေ့ရန် ခဲယဉ်းကြောင်းကိုလည်း သိရှိရသည်။

ဆိုင်ကယ်လိုင်စင်များပြုလုပ်ခြင်းမှာ ထုတ်လုပ်သောခုနှစ်နှင့် ကောက်ခံခြင်းဖြစ်၍ ၂၀၀၁ခုနှစ်မှ ၂၀၀၅ခုနှစ် ထုတ် တရုတ်ဆိုင် ကယ် (၁၁၀)စီစီလျှင် ကျပ် (၄၀၇၂၅)နှုန်း၊ ၁၂၅စီစီဆိုင်ကယ်များအား ကျပ်(၄၂၄၇၅)နှုန်း၊ ၂၀၀၆ခုနှစ်မှ ၂၀၁၀ခုနှစ် ထိ ဆိုင်ကယ်များကိုမူ ၁၁၀စီစီလျှင် ကျပ်(၄၆၉၅၀)နှုန်း၊ ၁၂၅စီစီဆိုင်ကယ်များအား ကျပ်(၅၄၇၇၅)နှုန်း၊ ၂၀၁၁နှင့်အထက်ဆိုင်ကယ်များအတွက် ၁၁၀ စီစီ လျှင် ကျပ် ( ၅၆၈၂၅)နှုန်း နှင့် ၁၂၅စီစီလျှင်ကျပ် ( ၅၉၉၀၀) ကောက်ခံနေကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့