Wednesday, July 11, 2012

HREIB ဒါရိုက်တာနှင့် မြန်မာ့ လူ့အခွင့်အရေးကော်မရှင်တို့ ဆွေးနွေးမည်

ဖနိဒါ
ဇူလိုင်လ ၁၀ ရက် ၂၀၁၂ ခုနှစ်

ပြည်ပအခြေစိုက် လူ့အခွင့်အရေး ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းသည် မြန်မာလူ့အခွင့်အရေး ကော်မရှင်၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ မြန်မာ့ လူ့အခွင့်အရေး တိုးတက်စေရေး ဆွေးနွေးမှုများပြုလုပ်ရန် အင်္ဂါနေ့တွင် ရန်ကုန်မြို့သို့ ယာယီခရီးစဉ် အဖြစ် ထွက်ခွာသွားပြီဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် လူမှုဝန်ထမ်း၊ လူ့အခွင့်အရေး ကော်မရှင် တို့နှင့် တွေ့ဆုံပြီး ပြည်တွင်းမှ လက်ရှိ လူ့အခွင့်အရေး အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

ယင်းအပြင် မြန်မာအစိုးရ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူမည်ဆိုပါက လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင် သည့် ဆွေးနွေး မှုများ ပြုလုပ်ရန် ဦးအောင်မျိုးမင်း ကိုယ်တိုင် အာဆီယံနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အတွေ့အကြုံများ တင်ပြ ဆွေးနွေး မည်ဟု HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“၂ဝ၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌရာထူး ယူတဲ့အချိန်မှာ လူထုအခြေပြု အဖွဲ့တွေနဲ့ ဘာတွေလုပ်မလဲ၊ ဘယ်လိုမျိုး ကြိုတင် ပြင်ဆင် ထားသင့်တယ်ဆိုတာ ဆွေးနွေးပွဲတွေ လုပ်တာရှိမယ်။ အဲဒီမှာ ကိုယ်လုပ်ခဲ့တဲ့ အာဆီယံနဲ့ ပတ်သက် တဲ့ အတွေ့အကြုံတွေ၊ တခြားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို တင်ပြပြီးတော့ ၂ဝ၁၄ အတွက် ပြင်ဆင်တာရှိမယ်။” ဟု ပြောသည်။

“ကုလသမဂ္ဂ အပါအဝင် အာဆီယံဒေသတွင်းမှာ လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ပေါင်းစပ်ပြီး ဘယ်လို လုပ်ဆောင်နိုင်မလဲဆို တာတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ပြည်တွင်းမှာ လုပ်နေတဲ့ လုပ်ငန်းတွေ၊ လူ့အခွင့် အရေး ပညာပေးမှု လုပ်ငန်းနဲ့ ပတ်သက် ပြီးတော့ ဘယ်လို သဘာထားလဲ ဘယ်လို လုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေ လဲ ဆိုတာတွေ ဆွေးနွေးဖို့ ရှိတယ်”ဟု ပြောသည်။

မြန်မာပြည်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများဖြစ်သော ကလေးနှင့် အမျိုးသမီးများ အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင် နေသူများ၊ လူ့အခွင့်အရေး စွမ်းအင်မြှင့်တင်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေး ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ ၂၄ နှစ်ကြာ ပထမဆုံးအကြိမ် မြန်မာပြည် ပြန်ခွင့်ရခဲ့ခြင်း ဖြစ်ပြီး ပြန်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်းနှင့် ယခု ခရီးစဉ်သည် သူ့အတွက် မြန်မာပြည်လူ့အခွင့်အရေး ထွန်းကားရေးအတွက် အရေးကြီးဆုံး ခရီးစဉ်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“ကျနော်အတွက် အရမ်းအရေးကြီးတယ်။ ပြည်ပမှာ လုပ်နေတဲ့ လူတွေကို တချို့က အထင်အမြင်လွဲတာတွေ ရှိတယ်။ စွတ်စွဲ ပြော ဆို တာ ရှိတယ်။ ပြည်ပမှာ ရှိနေတဲ့လူတွေကလည်း မြန်မာပြည် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်ဆောင် နေတယ်ဆို တာကို သိဖို့အတွက် ပိုမိုနားလည် နိုင်ဖို့အတွက် လူမှုအခြေပြု အဖွဲ့အစည်းနဲ့ တွေ့ဖို့ လိုအပ်တယ်။ ကျနော် တို့ လူ့အခွင့်အရေး ပညာပေးဖို့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်း တွေ သဘောပေါက်ဖို့ ဒီတာဝန်တွေ အများကြီး ပါလာတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ပြည်တွင်းမှ အာဆီယံလုပ်ငန်းများတွင် လုပ်ဆောင်နေသော Myanmar Asean People Forum ၏ ဖိတ်ကြားချက်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာမှ မြန်မာပြည် ဝင်ခွင့် ဗီဇာ ရရှိခြင်း ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ဦးအောင်မျိုးမင်းသည် မြန်မာလူ့အခွင့်အရေး ကော်မရှင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ပြီး ကလေးအခွင့်အရေး၊ ကလေးစစ်သားနှင့် လူ့အခွင့်အရေး လုပ်ဆောင်နေသူများနှင့် တွေ့ဆုံရန် ယနေ့ မွန်လွဲပိုင်းတွင် ထိုင်းလေကြောင်းလိုင်း ဖြင့် ရက် ၂ဝ ခန့်ကြာမြင့်မည့် မြန်မာနိုင်ငံ ခရီးစဉ် စတင်လိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်တွင် လူ့အခွင့်အရေး တိုးတက်ရန်အတွက် အစိုးရ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့အစည်း များကလည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျော်လင့်ကြောင်းနှင့် မြန်မာပြည်တွင် အခြေချ လုပ်ကိုင်နိုင်ရေးအတွက် ယခု ခရီးစဉ်သည် အရေး ကြီးသည်ဟု သူက မဇ္စျိမကို ပြောသည်။

“မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စောင့်ချမှတ်ချလုပ်နိုင်ဖို့အတွက် ဒီမှာ တွေ့ဆုံတဲ့ လူတွေရဲ့ ပွင့်ပွင့် လင်းလင်း ပြောဆိုမှု၊ ကျနော်တို့ အပေါ်မှာ သံသယ ကင်းကင်းနဲ့ လူ့အခွင့်အရေး လုပ်ဆောင်မှု ဆိုတာ အန္တရာယ်လို့ မမြင်ဘဲ၊ နိုင်ငံတော် ဂုဏ်သိက္ခာ တက်ဖို့ လုပ်ငန်းဖြစ်တယ်ဆိုတဲ့ အမြင်မျိုးရှိမယ်ဆိုရင် ကျနော်တို့ ပြန်လာဖို့ ဒီထက် ပိုအားရှိမယ်။ ပိုပြီး လုပ်ဆောင်ဖို့ ပိုမိုအ ဆင်ပြေ မယ်”ဟု သူက ဆက်ပြောသည်။

၂ဝဝဝ ခုနှစ်မှ စတင်တည်ထောက်ခဲ့သော HREIB သည် လူ့အခွင့်အရေး ပညာပေးမှုကို အဓိက လုပ်ဆောင်နေပြီး ကလေးကူးသန်း ရောင်းဝယ်မှု တားဆီးရေး၊ ကလေးစစ်သားပပျောက်ရေးတို့ကို လှုပ်ဆော်မှုများ ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး ပညာပေးရေး၊ ကလေး၊ အမျိုးသမီးအခွင့်အရေး ပညာပေးမှုများ လုပ်ဆောင်နေသည်။

ယမန်နှစ် မြန်မာနိုင်ငံက အလှည့်ကျခဲ့သော ကုလ လူ့အခွင့်အရေး ကောင်စီ၏ လေးနှစ်တကြိမ် ကုလအဖွဲ့ဝင် နိုင်ငံများ ၏ လူ့အခွင့် အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် Universal Periodic Review- UPR အစီရင်ခံစာ၊ ကလေးအခွင့် အရေးဆိုင်ရာစာချုပ်- PRC အစီရင်ခံစာများကို ဦးဆောင်တင်သွင်းခဲ့သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့