Wednesday, October 19, 2011

ဒေါ်အောင်ဆန်းစုကြည် ကို Battle of Crete ဂုဏ်ပြုဆု အပ်နှင်း

2011-10-18

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီ မြို့တော် အခြေစိုက် Mantos and Mantos အဖွဲ့မှ ထူထောင်ထားတဲ့ Oxiday- foundation က Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြုဆု) ပေးအပ် ချီးမြှင့် လိုက်ပါတယ်။

Oxi Day Foundation ဟာ အမေရိကန် နိုင်ငံရေး လောကမှာ အလေးထားရတဲ့ နာမည်ကြီး အသင်းအဖွဲ့ တစ်ခု ဖြစ်ပါတယ်။ ဒီဆုအတွက် လျာထားခံရတဲ့ ဆုရှင်တွေထဲက လွတ်လပ်မှု နဲ့ဒီမိုကရေစီအတွက် နှစ်ပေါင်း ၂၀ ကျော် သတ္တိရှိရှိ ဦးဆောင် လှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ Oxi Day Foundation ဥက္ကဌ Andrew Manatos က အာအက်ဖ်အေကို ပြောဆိုပါတယ်။

" ဒီဆုရဲ့ အမည်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ ဂျာမဏီ ရဲ့ ကျူးကျော် သိမ်းပိုက်မှုကို ခုခံခဲ့ကြတဲ့ ဂရိနိုင်ငံသားတွေ အတွက် အလွန် အရေးပါတဲ့ Crete မြို့ တိုက်ပွဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဂရိ အမျိုးသမီးတွေရဲ့ သတ္တိကို ဂုဏ်ပြုတဲ့ အနေနဲ့ Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြု ဆု) လို့ အမည်ပေးတာပါ။

ဒါကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ရဲရင့်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ပေးအပ်ချီးမြှင့် တာဖြစ်ပါတယ်" လို့ ဥက္ကဌ Andrew Manatos က ပြောဆိုခဲ့ပါတယ်။

Oxi Day Foundation အနေနဲ့ Battle of Crete ဆုကို ပထမဆုံးအကြိမ် စတင် ပေးအပ်ချီးမြှင့်တာ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ပထမဆုံး ချီးမြှင့်ခံရတဲ့ နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း ပေးသွင်းခဲ့သူကတော့ အမေရိကန် နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒီမိုကရက် အမျိုးသမီး လွှတ်တော်အမတ် နန်စီပလိုစီ ဖြစ်တယ် လို့ Mr.Manatos က ပြောပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့