Thursday, October 20, 2011

မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ

October 19, 2011

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ယမန်နေ့က မူးယစ်ဆေးဝါး ၂ ကီလိုခန့် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုမူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုမည်ဟု မဲဆောက်မြို့ ရဲမှူးကြီးက ပြောသည်။

စောအနိုး အသက် ၃၃ နှစ်နှင့် နန်းယဉ် အသက်၂၄ နှစ်တို့ကို ၎င်းတို့သယ်ယူလာသော စိတ်ကြွဆေးပြား(ရာဘ)ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သာအဖက်တမင်း အမှုန့်၂ ကီလိုခန့်နှင့်အတူ ထိုင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးအဖွဲ့က နှစ်နိုင်ငံ ချစ်
ကြည် ရေးတံတား အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။


ယင်း မူးယစ်ဆေးဝါးအမှုန့်များကို မဲဆောက်ရှိ ၀ယ်လက်များထံသို့ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထိုင်း အာဏာပိုင်
များထံတွင် အဖမ်းခံရသူများက ထွက်ဆိုခဲ့ကြသည်။

မဲဆောက် ရဲမှူးကြီး ဒေချာဝထနဖနုံ က“သူတို့ကို မနေ့က ထိုင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းလိုက်တာဖြစ်တယ်၊ အခု မဲဆောက် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်၊ စစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်တဲ့ ဥပဒေနဲ့ အရေးယူ စွဲချက်တင်မှာဖြစ်တယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား၂ ဦး၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးမည့်သူများမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရာဇ၀တ်မှုများ တားဆီးနိုင်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးရှိ မြန်မာဘက်မှ အလွယ်တကူဝင်ရောက်နိုင်သည့် မလွယ်ပေါက်များကို ထိုင်း အာဏာပိုင်များက စက်တင်ဘာ၂၅ရက်နေ့က စ၍ သံဆူးကြိုးများဖြင့် ကာရံလိုက်ပြီး ၂၄ နာရီ လုံခြုံရေး ချထားခဲ့သည်။

ထိုင်းဘက်မှ သံဆူးကြိုးကာရံ၍ လုံခြုံရေးတိုးမြှင့်လိုက်သော်လည်း မြန်မာဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုမှာ နည်းပါး သွားခြင်းမရှိဟု ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိ ထိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောဆိုသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ဘေး ၀ဲယာအနီးဝန်းကျင်သည် မြန်မာဘက်မှနည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် မူးယစ် ဆေးဝါးမျိုးစုံကို ထိုင်းဘက်မှ မကြာခဏ ဖမ်းဆီးရမိသည့် နေရာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ် ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးမိခဲ့သေးသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့