Monday, October 17, 2011

လျှပ်စစ်မီး ဆင်းရဲမွဲတေမှုကို ၂၀၃၀ ခုနှစ်မှာ အပြီးတိုက်ဖျက်

16 October 2011

လက်ရှိ ကမ္ဘာ့လူဦးရေ သန်း ၇ ထောင်နီးပါးတွင် လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရသူ သန်း တစ်ထောင့်သုံးရာ (၁.၃ ဘီလီယံ) ကျော် ရှိသည်။ လျှပ်စစ်မီး မရှိခြင်းမှာ ထင်ရှားတဲ့ ဆင်းရဲမွဲတေမှု လက္ခဏာ ဖြစ်သည်။

ကမ္ဘာပေါ်မှာ လျှပ်စစ်မီးမရှိ နေကြသူ ၉၅ ရာခိုင်နှုန်းက ဆဘ်ဆာဟာရ အာဖရိကနဲ့ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေမှ ဖြစ်သည်။ ၄င်းတို့ အနက် ၈၄ ရာခိုင်နှုန်းက ကျေးလက်တောရွာတွေမှ ဖြစ်သည်။ အဲဒီဒေသတွေရဲ့ ငှက်ဖျားနဲ့ HIV/AIDS ပြဿနာတွေကို စိတ်ဝင် တစား ရှိကြပေမဲ့၊ လျှပ်စစ်မီး မရှိတဲ့ ပြဿနာကိုတော့ ယခုထိ အလေးမထားကြဆဲပင်။


လျှပ်စစ်မီး မရှိတဲ့ဘ၀ဟာ အဖက်ဖက်မှာ ဖွံ့ဖြိုးမှုနောက်ကျပြီး၊ ငြီးငွေ့စရာ ဖြစ်သည်။ တီဗီမရှိ၊ MP3 မရှိ၊ ဗီဒီယိုဂိမ်း မရှိ၊ ကွန်ပျု တာမရှိ၊ အင်တာနက်မရှိ၊ မိုဘိုင်းဖုန်း မရှိ။ ကမ္ဘာ့နဲ့ အဆက်ပြတ်ပြီး အထီးကျန်နေသည်။ စာအုပ်တော့ ဖတ်လို့ရမည်။ ဒါပေမဲ့ ညဖက်မှာ ရေနံဆီ မီးခွက်၊ ဖယောင်းတိုင်၊ ထင်းမီးဖိုတွေနဲ့ မိသားစု နေကြရမည်။ လျှပ်စစ်မီး မရှိတဲ့အတွက် ဆေးရုံမရှိ။ ခေတ်မှီ ဆေးဝါးထားဖို့ ရေခဲသတ္တာမရှိ။ ကျန်းမာရေးရော ၀င်ငွေပါ အဖက်ဖက်မှာ ဆုံးရှုးံနေရသည်။ ပညာရေးမှာ လူစဉ်မမှီ ဖြစ်ကြရ သည်။

ဒါကြောင့် ကုလသမဂ္ဂက ၂၀၁၂ ခုနှစ်ကို 'အားလုံးအတွက် စဉ်ဆက်မပြတ် စွမ်းအင် ရရှိရေး နိုင်ငံတကာနှစ်' (International Year of Sustainable Energy for All) အဖြစ် မကြာခင်က ကြေငြာလိုက်သည်။ IEA အဖွဲ့ကလည်း အောက်တိုဘာ ၁၀ ရက်နေ့ မှာ တစ်ကမ္ဘာလုံး လျှပ်စစ်မီး ရရှိရေး စီမံကိန်းကိန်းအတွက် အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့သည်။ တစ်နှစ်ကို ဒေါ်လာ ၄၈ ဘီလီယံ ပုံမှန် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ၂၀၃၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးအနှံ့ မီးလင်းစေမည့် စီမံကိန်း ဖြစ်သည်။ ၂၀၃၀ ခုနှစ်ကျရင် ဘယ်သူ မှ အမှောင်ထဲ မနေရဖို့ ဖြစ်သည်။

ဒါပေမဲ့ ပြဿနာက တစ်နှစ် ဒေါ်လာ ၄၈ ဘီလီယံ ရင်းနှီးမြှုပ်ရေး ကိစ္စဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက IEA အဖွဲ့က ချပြတဲ့ ပမာဏကို တွန့်ဆုတ်နေကြသည်။ တကယ်လို့ ဆင်းရဲတဲ့ ဒေသတွေကို လျှပ်စစ်မီးလင်းဖို့ ရင်းနှီးမြှုပ်နှံလိုက်ရင်၊ ရေရှည် သူတို့ ပစ္စည်းတွေ တင်ပို့ရောင်းရချက်နဲ့ ကာမိပါ့မလား စဉ်းစားကြသည်။ တစ်နှစ် ၄၈ ဘီလီယံ ဆိုတာ နည်းနည်းနောနော ငွေမဟုတ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂနဲ့ IEA အဖွဲ့ကတော့ ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်စွမ်းအင် ဆင်းရဲမွဲတေမှု ပြဿနာကို အပြတ်တိုက်ဖျက် ဖို့ ကြွေးကြော်ထားသည်။ ညဖက် ကမ္ဘာ့ဂြိုဟ်တုက ပေးပို့တဲ့ပုံတွေကြည့်လိုက်ရင် ချမ်းသာတဲ့ တိုင်းပြည်တွေမှာ မီလင်းပြီး၊ ဆင်းရဲ တဲ့ တိုင်းပြည်တွေမှာ ပိန်းပိတ်အောင် မှောင်မည်းနေသည်။

၂၀၃၀ ခုနှစ်မှာတော့ အားလုံး အလင်းရောင် ရရှိမည်ဟု ယူဆရသည်။

Ref: မောက္ခ

0 comments:

အပေါ်သို့